အရှေ့တောင်အာရှနဲ့ မြေထဲပင်လယ်အရှေ့ပိုင်းကလွဲပြီး ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း နှေးကွေးသွားခဲ့ကြောင် WHO က ပြောပါတယ်။

COVID-19 ကပ်ရောဂါဟာ ဆက်လက် ကျယ်ပြန့်ဖြစ်ပွားနေဆဲ ဖြစ်ပေမဲ့ အရှေ့တောင်အာရှနဲ့ မြေထဲပင်လယ်အရှေ့ပိုင်း နေရာဒေသများကလွဲပြီး ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း နှေးကွေးသွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ပြောပါတယ်။

(Photo: Reuters)

ဩဂုတ် ၂၄ ရက် ညပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ WHO ရဲ့ ကူးစက်ရောဂါပျံ့နှံ့ခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာ နောက်ဆုံး အခြေအနေ အစီရင်ခံစာအရ အမေရိကဟာ COVID-19 အဆိုးဆုံး ဖြစ်ပွားနေတဲ့ နေရာဒေသဖြစ်နေဆဲလို့ ဆိုပါတယ်။ ပြီခဲ့တဲ့ သီတင်းပတ်အတွင်း အသစ်တွေ့ရှိရတဲ့ ကူးစက်မှုအသစ်အားလုံးရဲ့ ထက်ဝက်နဲ့ သေဆုံးသူ ၃၉,၂၄၀ အနက် ၆၂ ရာခိုင်နှုန်းဟာ အမေရိကမှဖြစ်ကြောင်း WHO က ပြောထားပါတယ်။



အင်္ဂါနေ့ (ဩဂုတ် ၂၅ ရက်) အထိ Reuters သတင်းဌာနရဲ့ စာရင်းတွေအရ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ ၂၃.၆၅ သန်းနဲ့ သေဆုံးသူ ၈၁၁,၈၉၅ ဦးရှိခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဩဂုတ် ၂၃ ရက်နေ့အထိ တစ်ပတ်အတွင်း အတည်ပြုကူးစက်လူနာသစ် ၁.၇ သန်းနဲ့ သေဆုံးသူအရေအတွက် ၃၉,၂၄၀ ဦး တိုးလာခဲ့ရာ ယခင်တစ်ပတ်ကထက် ကူးစက်မှု ၄ ရာခိုင်နှုန်းနဲ့ သေဆုံးမှု ၁၂ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ကြောင်း WHO က ပြောထားပါတယ်။

(Photo: The Indian)

တစ်ကမ္ဘာလုံးမှာ ဒုတိယ ကူးစက်မှုအများဆုံး နေရာဒေသဖြစ်တဲ့ အရှေ့တောင်အာရှမှာတော့ ကူးစက်မှုအသစ် ၂၈ ရာခိုင်နှုန်းနဲ့ သေဆုံးမှု ၁၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ WHO အစီရင်ခံစာက ဖော်ပြထားပါတယ်။ ထိုအတောအတွင်း တောင်အာရှမှ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုများ သိသာစွာ ဆက်လက် မြင့်တက်နေခဲ့ပြီး ထိုဒေသတွင်းရှိ နီပေါနိုင်ငံမှာလည်း ကူးစက်မှုတွေ လျင်မြန်စွာ ပျံ့နှံ့ဖြစ်ပွားနေပါတယ်။

WHO ရဲ့ ဖော်ပြချက်အရ မြေထဲပင်လယ်အရှေ့ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းခြောက်ပတ်အတွင်း ကူးစက်မှုအသစ် ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပေမဲ့ သေဆုံးမှုကတော့ လျော့နည်းသွားခဲ့ကြောင်း သိရပါတယ်။ လက်ဘနွန်၊ တူနီးရှားနဲ့ ဂျော်ဒန်တို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကထက် ကူးစက်မှုတွေ အမြင့်ဆုံး တိုးလာခဲ့ကြောင်း သိရပါတယ်။

(Photo: Jakarta Post)

အာဖရိကမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း COVID-19 ကူးစက်မှု ၈ ရာခိုင်နှုန်းနဲ့ သေဆုံးမှု ၁၁ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါတယ်။ အဓိကအားဖြင့် အာဖရိကရှိ အယ်လ်ဂျီးရီးယား၊ ကင်ညာ၊ ဂါနာ၊ ဆီနီဂေါနဲ့ တောင်အာဖရိကတို့မှာ ကူးစက်မှုတွေ လျော့ကျသွားခဲ့ကြောင်း WHO က ပြောခဲ့ပါတယ်။

ဥရောပဒေသမှာ ပြီးခဲ့တဲ့ သုံးပတ်အတွင်း ကူးစက်မှုတွေ ပုံမှန်မြင့်တက်နေခဲ့တယ်လို့ ဆိုပါတယ်။ ဥရောပမှာ COVID-19 ကြောင့် သေဆုံးမှုနှုန်းကတော့ လတ်တလော သီတင်းပတ်အတွင်း ၁ ရာခိုင်နှုန်းမျှ လျော့ကျသွားခဲ့ပြီး ဒေသတွင်းမှာ သေဆုံးမှုတွေ ဆက်လက် လျော့ကျခဲ့ကြောင်း WHO အစီရင်ခံစာမှာ ဖော်ပြပါတယ်။

(Photo: Reuters)

WHO ရဲ့ အစီရင်ခံစာအရ အနောက်ပစိဖိတ်ဒေသမှာလည်း ကူးစက်မှုအသစ် ၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး ဂျပန်၊ ဩစတြေးလျ၊ စင်ကာပူ၊ တရုတ်နဲ့ ဗီယက်နမ်တို့မှာာ ကူးစက်ပျံ့နှံ့မှု နည်းသွားခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားမှာတော့ COVID-19 ကူးစက်မှု ၁၈၀ ရာခိုင်နှုန်း ထိုးတက်သွားခဲ့ပြီး အဓိကအားဖြင့် ဘာသာရေးအခမ်းအနား စုံရုံးမှုများနဲ့ ဆက်နွယ်နေကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က