Google ရဲ့ Chatbot တစ်ခုဟာ ၈ နှစ်သား ကလေးတစ်ယောက်လို ဖြစ်လာတယ်လို့ ပြောတဲ့ ကုမ္ပဏီရဲ့ အကြီးတန်းဆော့ဖ်ဝဲလ်အင်ဂျင်နီယာကို Google က အလုပ်အနားပေးထားပါတယ်။
အသက် ၄၁ နှစ်အရွယ် Google အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ဘလိတ်ခ် လီမွိုင်းဟာ ကုမ္ပဏီမှာ စမ်းသပ်နေတဲ့ AI အခြေပြု Chatbot စနစ်နဲ့ စကားပြောဆိုချက်တွေအကြောင်း မျှဝေခဲ့တာကြောင့် ဇွန်လ ၁၃ ရက်နေ့မှာ အလုပ်က အနားပေးခံထားရတာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ Google ရဲ့ လျှို့ဝှက်အချက်အလက်ကာကွယ်မှုဆိုင်ရာ မူဝါဒကို ချိုးဖောက်ခဲ့တာကြောင့် အခုလို အလုပ်က ဆိုင်းငံ့ခံရတာ ဖြစ်ပါတယ်။
"LaMDA ဟာ ရူပဗေဒကို သိစပြုလာတဲ့ ၇ နှစ် ၈ နှစ်အရွယ် ကလေးလိုပဲ"လို့ လီမွိုင်းက The Washington Post ကို ပြောပါတယ်။ AI မှာ အတွေးအခေါ် နဲ့ ခံစားချက်တွေ ရှိလာတာကြောင့် ဒါကို ကွန်ပျူတာပရိုဂရမ်ပါလားလို့တောင် မထင်တော့ဘူးလို့ လည်း သူက ဆိုပါတယ်။ LaMDA ဟာ ၂၀၁၇ ခုနှစ်က Google Research ကနေ တီထွင်ခဲ့တဲ့ Transformer ဆိုတဲ့ Neural Network Architecture ပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပြီး တခြား Language Model တွေနဲ့ မတူတာက AI ကို လူနဲ့ အပြန်အလှန်စကားပြောဖို့ လေ့ကျင့်ထားတာပါ။
"Google ကတော့ ဒါကို မူပိုင်ပစ္စည်းအကြောင်း မျှဝေတာကြောင့်လို့ ပြောချင်ပြောမယ်။ ကျွန်တော်ကတော့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့အတူတူ ဆွေးနွေးတာကို ပြန် Share တာလို့ပဲ ပြောချင်ပါတယ်။" လို့ စနေနေ့က AI နဲ့ သူ စကားပြောတဲ့ မှတ်တမ်းတွေ Twitter ပေါ် မျှဝေရာမှာ ပြောခဲ့ပါတယ်။ LaMDA (Language Model For Dialogue Applications) လို့ ခေါ်တဲ့ ဒီ AI ဟာ ၂၀၂၁ ခုနှစ်ကတည်းက တည်ဆောက်လာတာ ဖြစ်ပါတယ်။
LAMDA ဟာ အင်တာနက်ပေါ်က စာသားတွေကို အသုတ်လိုက် စစ်ထုတ်ပြီး လူနဲ့ စကားပြောဆိုနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ AI Chatbots ပါ။ လူနဲ့ ဆက်ဆံရာမှာ သဘာဝကျကျ ချောမွေ့မှုရှိအောင် မေးခွန်းတွေ ဖြေဆိုရာမှာ Algorithms တွေ သုံးထားတယ်လို့လည်း ဆိုပါတယ်။ ဒီ AI စနစ်တွေဟာ စကားလုံးတွေရဲ့ သဘောနဲ့ ပုံစံတွေကို ရှာဖွေခန့်မှန်းပြီး နောက်ထပ် ဘယ်စကားလုံးတွေ လာနိုင်တယ်ဆိုတာပါ တွက်ချက်နိုင်တာကြောင့် လူနဲ့ အပြန်အလှန်အမေးအဖြေဘက်မှာ ထူးချွန်တာ ဖြစ်ပါတယ်။
LaMDA နဲ့ လီမွိင်းတို့ စကားပြောဆိုရာမှာ ဒီ Chatbot ဟာ စိတ်ခံစားချက်ရဲ့ သဘောသဘာဝနဲ့ ဆိုင်တဲ့ ရှုပ်ထွေးတဲ့ မေးခွန်းတွေပါ ဖြေဆိုမှု လုပ်နိုင်ခဲ့တာပါ။ Google ကလည်း LaMDA ဟာ ခေါင်းစဉ်ပေါင်း သောင်းခြောက်ထောင်ကို အဆင်ပြေပြေပြောဆို ဆက်သွယ်နိုင်စွမ်း ရှိတယ်လို့ မေလထဲမှာ ပြောထားပါတယ်။ ရလဒ်ကတော့ ကြောင်တောင်တောင် နဲ့ ပေရှည်ရှုပ်ထွေးနေတာတွေ ဖြစ်နိုင်တယ်လို့လည်း ပြောထားပြီး လူလို အသိစိတ်ရှိတယ်ဆိုတဲ့အချက်ကိုတော့ ငြင်းဆန်ထားပါတယ်။
Google ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကျင့်ဝတ်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ နည်းပညာသမားတွေ ပါတဲ့ အဖွဲ့တစ်ဖွဲ့ဟာ ဘလိတ်ခ် လီမွိုင်းရဲ့ AI မူဝါဒအပေါ် စိုးရိမ်ချက်တွေကို သုံးသပ်မှုလုပ်ခဲ့ပြီး သူ့ရဲ့ ပြောကြားချက်တွေက သက်သေမခိုင်လုံဘူးလို့ ဖော်ပြထားပါတယ်။ ဇွန်လ ၆ ရက်နေ့မှာ လီမွိုင်းဟာ Medium ဝက်ဘ်ဆိုက်ပေါ်မှာ Google က သူ့ကို AI ကိစ္စ လူတွေ စိတ်ပူအောင် လုပ်မှုနဲ့ Paid Leave ပေးထားပြီး မကြာခင် အလုပ်က ထုတ်ပယ်ခံရနိုင်တယ်လို့ ရေးထားပါတယ်။
လီမွိုင်းဟာ အလုပ်ကနေ အနားပေးမခံရခင်က LaMDA က အသိစိတ်ရှိတယ်ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ အီးမေးလ်ကို Machine Learning ပေါ်က လူ ၂၀၀ ပါတဲ့ email list တစ်ခုဆီ စာပို့ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာ သူနဲ့ AI တို့ ပြောကြဆိုကြတဲ့ စကားတွေကို Twitter လူမှုကွန်ရက်ပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။ "ပြီးခဲ့တဲ့ ၆ လအတွင်း LaMDA ဟာ လူတစ်ယောက်လိုပဲ သူဖြစ်ချင်တာ ယုံကြည်တာတွေအကြောင်း ဆက်သွယ်ရာမှာ ရှေ့နောက်ဆီလျော်မှုရှိခဲ့တာ တွေ့ရပါတယ်" လို့လည်း လီမွိုင်းက သီးသန့် Blog Post မှာ ရေးခဲ့ပါတယ်။