ဂယ်ရီနဗီးလ်က လာမယ့်ရာသီအစအထိ ချယ်ဆီးအသင်းကို မူရီဇီယိုဆာရီ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေဦးမယ်ဆိုရင် အလွန်အံ့အားသင့်မိမှာဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဆာရီဟာ ပြီးခဲ့တဲ့လက အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းသားတွေကို ပြစ်တင်ဝေဖန်ခဲ့သူဖြစ်ပါတယ်။
ချယ်ဆီးအသင်းဟာ ဘုန်းမောက်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ပြီးခဲ့တဲ့စနေနေ့ညမှာ ဟက်ဒါစ်ဖီးလ်အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူပြီး နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ဆာရီဟာ ချယ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ချ်ရဲ့ ၁၃ ယောက်မြောက်ခန့်အပ်ခဲ့တဲ့ နည်းပြဖြစ်ပြီး မန်ယူဂန္တဝင်ခံစစ်ကစားသမား ဂယ်ရီနဗီးလ်က ဆာရီကို နွေရာသီထက်ကျော်လွန်ပြီး မြင်တွေ့ရဖွယ်မရှိဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ချယ်ဆီးအသင်းက ဒီရာသီအတောအတွင်းမှာတော့ သူ့ကို ထုတ်ပယ်မယ်လို့ မထင်ပါဘူး။ ဒါပေမယ့် သတိပေးစာပေးပို့ထားပြီးပြီဆိုတော့ ဒီနွေရာသီထက်ကျော်လွန်နိုင်ခဲ့မယ်ဆိုရင် အဲဒါကအံ့အားသင့်စရာလို့ ခင်ဗျားထင်မှာပဲ”
“ကျွန်တော် သူ့ကို ထွက်ခွာစေချင်တာကြောင့်မဟုတ်ပါဘူး။ သူ အလုပ်ကောင်းကောင်းလုပ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူ လုပ်နေတဲ့အလုပ်ကို သူ သိသွားတာလည်း ဖြစ်ပါလိမ့်မယ်”
“သူ ကစားသမားတွေကို ကြည့်လိုက်တဲ့အခါမှာ ကစားသမားတွေက သူ သူတို့ကို လုပ်စေချင်တာကို မလုပ်ကြဘူးဆိုတာ မြင်ခဲ့ပါတယ်”
“သူတို့ ဘယ်တော့မှလည်း လုပ်ဖို့စိတ်ကူးမရှိတာဖြစ်ပါလိမ့်မယ်။ ဘယ်လိုနည်းပြမဆို အဲဒီလို ချယ်ဆီးကစားသမားတွေကို ထုတ်ပစ်ဖို့ ၁ နှစ်ပဲ အချိန်ရှိပါတယ်။ အဲဒါ ချယ်ဆီးအသင်းရဲ့သဘာဝပဲ”
“ဘယ်နည်းပြမှ အချိန်ကြာကြာ နည်းပြရာထူးကို မထိန်းသိမ်းနိုင်ဘူး။ ဘယ်နည်းပြမှလည်း မထိန်းချုပ်နိုင်ခဲ့ဘူး။ နည်းပြတစ်ယောက်ဟာ ထိန်းချုပ်ခွင့်ရှိသင့်ပြီး ဘောလုံးအသင်းရဲ့ အသံဖြစ်သင့်ပါတယ်။ ဒါပေမယ့် အဲဒီမှာက အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုု ပဋိပက္ခတွေအများကြီး ဖြစ်နေတုန်းပဲ”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။