ဧပြီလ ၂၄ ရက်နေ့ကတော့ သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူမပြုခဲ့တဲ့ ကုသိုလ်အလှူလေးကိုလည်း ပရိသတ်တွေဆီ မျှဝေပေးခဲ့ပါသေးတယ်။
Photo: Eaindra Kz
အိန္ဒြာကျော်ဇင်ဟာ ဧပြီလ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့ မနက်စောစောမှာ ပီတိဖြစ်စရာကောင်းတဲ့ အလှူလေးတစ်ခု လုပ်ခဲ့တာကို တွေ့ရပါတယ်။
‘’ဒီနေ့ မနက်က အိမ်ရှေ့မှာ တန်းဆွမ်းကြွတဲ့ ဘုန်းဘုန်းတွေကို ဆွမ်းကပ်လှူခဲ့ပါတယ်။ မွေးနေ့ အမှတ်တရ အဖြစ် ပုံလေးတွေကို ချစ်တဲ့ပရိသတ်အတွက်တင်ပေးလိုက်ပါတယ်နော်’’ ဆိုပြီးတော့ ဧပြီလ ၂၄ ရက်နေ့ မနက် ၉ နာရီ ၅၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံလေးတွေလည်း တင်ခဲ့ပါသေးတယ်။
Photo: Eaindra Kz
အိန္ဒြာကျော်ဇင်က နောက်ထပ် မွေးနေ့အလှူအဖြစ် ည ၇ နာရီ ရွှေတိဂုံစေတီတော်မှာ အလှူအတန်းတွေလုပ်ရင်း ဆီမီး ပူဇော်သွားမယ်လို့ သိရပါတယ်။ သူမနဲ့ အတူ မိသားစုဝင်တွေ၊ ပရိသတ်တွေကလည်း ဒီအလှူမှာ ပါဝင်သွားမှာဖြစ်ပါတယ်။
Photo: Eaindra KZ
အိန္ဒြာကျော်ဇင်ရဲ့ အနုပညာသက်တမ်းကတော့ အနှစ် ၂၀ ကျော်ပြီဖြစ်ပါတယ်။ သူမကိုဟာ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။
Photo: Eaindra kz
အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် မိသားစုကို အချိန်ပိုပေးနေတာကို တွေ့ရပါတယ်။ ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။ သမီးကြီးပြေသုဒြာ ကိုတော့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားငယ်လေးကိုတော့ ၂၀၁၅ ခုနှစ် သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင်မိသားစုလေးလည်း ဖြစ်ပါတယ်။