ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ရလဒ်ဆိုးတချို့နဲ့ ကစားသမား၊ နည်းပြအကြားပြဿနာများစွာဖြစ်နေပေမယ့် အသင်းဟန်ချက်ကို ပြန်ထိန်းနိုင်ခဲ့ပြီး နည်းပြ ဆာရီအတွက် နိုင်ပွဲတွေပြန်လည်ရရှိနေတာကို တွေ့ရပါတယ်။
ဒီနေ့ညမှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၉)မှာ ချယ်လ်ဆီးအသင်းဟာ ဖူလ်ဟမ်အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ ကရာဗင်ကော့တ်တေချ်မှာ အိမ်ရှင် ဖူလ်ဟမ်ကို ၁-၂ဂိုးနဲ့အနိုင်ရအောင်ကစားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးနည်းပြ ဆာရီဟာ ကစားသမားတွေရဲ့ပုန်ကန်မှုနဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းဆိုးတွေအကြားမှာပဲ အသင်းကို လိုအပ်နေတဲ့ နိုင်ပွဲတွေပြန်လည်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ ကရာဘောင်းဖလားဗိုလ်လုပွဲမှာ မန်စီးတီးကို ရှုံးပြီးနောက် ချယ်လ်ဆီးဟာ လန်ဒန်ပြိုင်ဘက်တွေဖြစ်တဲ့ စပါးနဲ့ဖူလ်ဟမ်တို့ကို နှစ်ပွဲဆက်ပြန်လည်အနိုင်ရရှိအောင် ဆာရီနဲ့အသင်းသားတွေစွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒီနေ့ပွဲထွက်လူစာရင်းမှာ အားလုံးစောင့်ကြည့်နေကြတဲ့ ဂိုးသမား ကီပါကိုပြန်လည်ထည့်သွင်းခဲ့ပြီး သူတို့နှစ်ယောက်အကြားမှာ ရန်ငြိုးမရှိဘူးဆိုတာကို ဆာရီကသက်သေပြခဲ့ပါတယ်။ ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဆာရီအတွက်နောက်ထပ်အမြတ်ရခဲ့တာက ပရိသတ်အများစုဝေဖန်နေကြတဲ့ ကွင်းလယ်ကစား ဂျော်ဂင်ဟိုဂိုးသွင်းယူနိုင်ခဲ့တာပါ။ ချယ်လ်ဆီးအတွက် အနိုင်ဂိုးတွေကိုတော့ အာဂျင်တီးနား တိုက်စစ်မှူး ဟီဂူအင်နဲ့ အီတလီကွင်းလယ်ကစားသမား ဂျော်ဂင်ဟိုတို့က ပွဲချိန် မိနစ်၂၀နဲ့ ၃၁မိနစ်တွေမှာသွင်းခဲ့တာပါ။ ဖူလ်ဟမ်အတွက်ချေပဂိုးကိုတော့ ချမ်ဘာစ်က ၂၇မိနစ်မှာပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။
ဖူလ်ဟမ်ကိုအနိုင်ရခဲ့လို့ ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ရမှတ် ၅၆မှတ်နဲ့ အဆင့် ၆နေရာမှာရပ်တည်နေပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းအနေနဲ့ ပွဲကျန်တစ်ပွဲကျန်ရှိနေတာကြောင့် အဆင့် ၄နဲ့၅နေရာတွေက မန်ယူနဲ့အာဆင်နယ်အသင်းတွေကိုကျော်ဖြတ်ပြီး ထိပ်သီးလေးသင်းနေရာအတွက် မျှော်လင့်ချက်ရှိနေပါသေးတယ်။ လက်ရှိအချိန်မှာတော့ တစ်ပွဲလျော့ကစားထားတဲ့ချယ်လ်ဆီးက မန်ယူထက် ၂မှတ်၊ အာဆင်နယ်ထက် ၁မှတ်လျော့နေပါတယ်။