ဖာဒီနန်ကလည်း ဆွာရက်ဇ်ရဲ့ အပြုအမူအပေါ်ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ဆွာရက်ဇ်က လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးမှုကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်းရီယိုဖာဒီနန်က အသင်းဖော်ဟောင်းပက်ထရစ်အီဗာရာဟာ ဆွာရက်ဇ်နဲ့ ပြသနာဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ရင်ဆိုင်ရချိန်မှာ ဘယ်လိုလုပ်ရမလဲလို့ သူ့ဆီက အကြံဉာဏ်လာတောင်းခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဆွာရက်ဇ် နဲ့ အီဗရာတို့ကတော့ လူမျိုးရေးခွဲခြားခဲ့မှုအတွက် ပြသနာတွေတက်ခဲ့ကြတာဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်က ကစားခဲ့တဲ့ပွဲမှာ အီဗရာကို ဆွာရက်ဇ်က လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုခဲ့ပါတယ်။ ဒီအတွက် ဆွာရက်ဇ်လည်း ၈ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ပြန်လည်ကစားခွင့်ရတဲ့အချိန်မှာ ယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဆိုပါပွဲမှာ လက်ဆွဲနှုတ်ဆက်ဖို့ အီဗရာက လက်ကမ်းခဲ့ပေမယ့် ဆွာရက်ဇ်က ငြင်းပယ်ခဲ့လို့ ပိုမိုပြင်းထန်တဲ့ အနေအထားတွေထပ်မံဖြစ်ပွားခဲ့ပါတယ်။
ဖာဒီနန်ကလည်း ဆွာရက်ဇ်ရဲ့ အပြုအမူအပေါ်ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ဆွာရက်ဇ်က လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးမှုကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ဆွာရက်ဇ်ရဲ့ အပြုအမူကြောင့် ဆုံးဖြတ်ခဲ့တာလို့ ဖာဒီနန်က ပြန်လည်ရှင်းပြခဲ့ပြီး အီဗရာဟာ လူကြီးလူကောင်းဆန်ဆန်ပြုမူခဲ့တယ်လို့လည်း ပြောဆိုခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။
"သူတို့နှစ်ယောက်အနေအထားက တော်တော်လေးခက်ခဲနေခဲ့တယ်၊ ဆွာရက်ဇ်က လက်ဆွဲမနှုတ်ဆက်ခဲ့တာက လူပြောများခဲ့တဲ့ဖြစ်ရပ်တစ်ခုပါပဲ၊ နောက်တစ်ကြိမ်ကစားရမယ့်ပွဲမတိုင်ခင်မှာ အီဗရာက မနက်အစောကြီး ကျွန်တော့်ဆီရောက်လာပြီး သူ ဘာလုပ်သင့်လဲ လာမေးခဲ့ပါတယ်၊ လူတွေက သူ့ကိုစောင့်ကြည့်နေလိမ့်မယ်၊ မင်းက ပိုပြီးတော့ သဘောထားကြီးကြောင်းပြသတဲ့အနေနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပါလို့ ကျွန်တော်ပြောခဲ့ပါတယ်"
"သူလည်း လက်ခံခဲ့ပါတယ်၊ တွေ့ဆုံတဲ့အချိန်မှာတော့ အီဗရာက မှန်မှန်ကန်ကန်ပဲပြုမူခဲ့ပြီး လက်ကမ်းခဲ့ပေမယ့် ဆွာရက်ဇ်က ငြင်းဆန်ခဲ့တာပါ၊ အဲဒီနောက် သူ ကျွန်တော်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့လုပ်ချိန်မှာ ကျွန်တော်မနှုတ်ဆက်ဖို့ တွေးလိုက်တယ်၊ မင်းက ငါ့သူငယ်ချင်းအပေါ်လေးစားမှုမှမရှိတာလို့ တွေးလိုက်တာ၊ ဒီအတွက် ကျွန်တော့်လက်ကို ရှောင်ရှားခဲ့ပါတယ်၊ ကျွန်တော့်လက်ကို တကယ်နောက်ဆုတ်ခဲ့တာပါ" လို့ ဖာဒီနန်က ပြန်လည်ပြောပြခဲ့ပါတယ်။
အဆိုပါပွဲမှာတော့ ယူနိုက်တက်က အိမ်ကွင်းမှာ လီဗာပူးလ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ အီဗရာဟာ ဆွာရက်ဇ်ရှေ့ကနေ ပရိသတ်တွေဖက်လှည့်ကာ အောင်ပွဲခံပြခဲ့လို့ လီဗာပူးလ်အသင်းသားတွေရဲ့ ကန့်ကွက်မှုနဲ့ရင်ဆိုင်ခဲ့ရပြီး နှစ်ဖက်အသင်းကြားမှာ အချေအတင်ဖြစ်ပွားခဲ့ကြပြီး ဇာတ်ရှိန်အမြင့်ဆုံးအခြေအနေဖြစ်ခဲ့ကြပါတယ်။