အီဘရာဟီမိုဗစ်ကတော့ သူသဘောကျတဲ့ လူငယ်နှစ်ယောက်အကြောင်းကို ပြောပြလာတာပါ။

အေစီမီလန်နဲ့ ဆွီဒင်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က လက်ရှိ ဥရောပမှာ တောက်ပနေတဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းနဲ့ PSG တိုက်စစ်ကစားသမား အမ်ဘာပေတို့ကို အထင်ကြီးလေးစားမိတယ်လို့ ထုတ်ဖော်ပြောကြားလာပါတယ်။

အီဘရာဟီမိုဗစ်ဟာ ဘောလုံးလောကမှာ မကြာခဏဆိုသလို အငြင်းပွားဖွယ်ရာ၊ ရယ်စရာ စကားလုံးတွေကို ပြောဆိုလေ့ရှိပေမယ့် ဒီတကြိမ် CBS Sports နဲ့ အင်တာဗျူးမှာတော့ အခုလိုပဲ တည်တည်တံ့တံ့ ပြောကြားသွားခဲ့ပါတယ်။ ဒီအင်တာဗျူးမှာ အီဘရာဟီမိုဗစ်က “တတ်နိုင်သလောက် အံ့ဝင်ဂွင်ကျ ကစားနိုင်တဲ့ ကစားသမားတွေကို ကျနော်က သဘောကျပါတယ်”

“ခင်ဗျားက ဘောလုံးသမားတယောက်ဆိုရင် တခြားကစားသမားတွေ ဘယ်လိုတွေးမယ်၊ ဘယ်လိုလှုပ်ရှားမယ်ဆိုတာကို မြင်ရပါမယ်။ အဲ့ဒီထဲမှာမှ တခုခုမဖြစ်ခင် ကြိုတင်ခန့်မှန်းပြီး လှုပ်ရှားနိုင်တဲ့ ကစားသမားမျိုးကို ကျနော် သဘောကျတာပေါ့။ အမ်ဘာပေက ဘရာဇီးဂန္တဝင်ကြီး ရော်နယ်ဒိုကို ပြန်ပြီး အမှတ်ရစေတယ်ထင်ပါတယ်”

“သူက ပွဲအပေါ်မှာ အရမ်းကို လိုက်လျောညီထွေရှိတဲ့ ကစားသမားပါ။ လူငယ်ကစားသမားတွေအကြောင်း ပြောမယ်ဆိုရင် ဟာလန်းအကြောင်းကိုလည်း ခင်ဗျားတို့ ပြောရမှာပေါ့။ ဟာလန်းကလည်း ကစားသမားကောင်းပါ”

“ဘာလို့လဲဆိုတော့ သူက ဂိုးတွေသွင်းရတာကို စွဲလမ်းနေတယ်လေ။ နောက်ပြီး လိုအပ်တာထက် ဘယ်အရာကိုမှ ပိုမလုပ်ပါဘူး။ သူက ဂိုးသွင်းဖို့ပဲ အာရုံစိုက်တာပါ။ တခါတလေ ခင်ဗျားတို့ ကြုံဖူးမှာပါ။ တချို့ ကစားသမားတွေက သူတို့လုပ်နိုင်တာထက် ပိုလုပ်ပြချင်တာမျိုးတွေ။ အဲ့ဒါမျိုးက ထက်မြက်တယ်မခေါ်ပါဘူး”

“ဟာလန်းမှာတော့ ဒီလိုမျိုး ထက်မြက်တဲ့ဥာဏ်ရည်ဥာဏ်သွေးကိုမြင်တွေ့ရပြီး သူက ဂိုးပဲ သွင်းချင်တယ်၊ ဂိုးသွင်းနိုင်တယ်ဆိုတာကိုလည်း သိတယ်၊ အဲ့ဒီတော့ ဒါကိုပဲ သေချာအားထုတ်ပါတယ်” လို့ ချီးကျူးပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

က္က