ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က အသင်းရဲ့ နောက်ခံလူဟောင်း ဂျွန်နီအီဗန်စ်ကို ကာလတို စာချုပ်နဲ့ ခေါ်ယူလိုက်တဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အီဗန်စ်ဟာ ယူနိုက်တက်နဲ့အတူ ပူးပေါင်းလေ့ကျင့်ခန်းဆင်းနေရင်း အသင်းဘက်က သူ့ကို ကာလတို စာချုပ်နဲ့ ခေါ်ယူလိုက်ကြောင်း တရားဝင်ကြေညာခဲ့တာပါ။
ဒီကြေညာချက်အပေါ် ယူနိုက်တက်ပရိသတ်တွေက အံ့အားသင့်ခဲ့ရပြီး တန်ဟက်ခ်ကတော့ အခုလိုပဲ ဖြေရှင်းလာခဲ့ပါတယ်။ တန်ဟက်ခ်က “ယူနိုက်တက်မှာ အီဗန်စ်ရဲ့နေရာက ဘယ်လိုရှိခဲ့တယ်ဆိုတာကို ကျွန်တော် သိပါတယ်။ အခု သူက သူ့ရဲ့ ကြံ့ခိုင်မှုအတွက် ကျွန်တော်တို့ဆီကို ရောက်လာပြီး လေ့ကျင့်ခန်း ဆင်းနေပါတယ်။ ဒီတော့ ကျွန်တော်စဉ်းစားပါတယ်”
“ကျွန်တော်တို့တွေ အချင်းချင်း အပြန်အလှန်ကူညီရင် ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းဖြစ်မယ်လို့ပေါ့။ အီဗန်စ်ကလည်း သူ့ရဲ့ ကြံ့ခိုင်မှုအတွက် အလုပ်လုပ်နိုင်မယ်၊ ကျွန်တော်တို့ကိုလည်း ကူညီနိုင်မယ်၊ လူငယ်ကစားသမားတွေကိုလည်း သူ ကူညီနိုင်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မနေ့က လိုင်ယွန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲမှာလည်း အီဗန်စ်က ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ပါတယ်။
ယူနိုက်တက်အကယ်ဒမီကစားသမားဟောင်းဖြစ်ခဲ့တဲ့ အီဗန်စ်ဟာ လက်ရှိမှာ အသက် (၃၅) နှစ်အရွယ်ရှိနေပြီး ယူနိုက်တက်ကစားသမားဘဝမှာ ပွဲပေါင်း (၁၉၈) ပွဲအထိ ကစားပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူက ဆန်းဒါးလန်း၊ ဝက်စ်ဘရွန်းနဲ့ လက်စတာတို့မှာလည်း ကစားခဲ့ဖူးပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတာကြောင့် ယူနိုက်တက်နဲ့ လာရောက်ပူးပေါင်းရင်း ကာလတိုစာချုပ် ချုပ်ဆိုဖြစ်ခဲ့တာပါ။
အီဗန်စ်ဟာ ယူနိုက်တက်တို့ လက်ရှိနွေရာသီတစ်လျှောက်လုံး ကစားသွားမယ့် ခြေစမ်းပွဲတွေမှာ ပါဝင်ကစားသွားမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ သူ့ရဲ့စာချုပ်ကို အပြီးသတ်သွားဖွယ်ရှိပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ မေဆင်မောင့်၊ အိုနာနာတို့ကို ခေါ်ယူထားပြီးဖြစ်ပြီး တိုက်စစ်မှူးနေရာအတွက် အတ္တလန်တာ တိုက်စစ်မှူး ဟော့ဂျ်လန်းကို ချိန်ရွယ်လျက်ရှိပါတယ်။