မန်စီးတီးအသင်းရဲ့ Kitman တဦးဟာ ပြီးခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ အသင်းဂိုးသမား အီဒါဆန် အနီကတ်မထိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ မန်စီးတီးက ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ကွင်းလယ်လူ ရိုဒရီ ထုတ်ပယ်ခံခဲ့ရလို့ အခက်အခဲအနည်းငယ်တော့ ရှိခဲ့ပြီး ပွဲကို ထိန်းကစားခဲ့ရပါတယ်။
ရိုဒရီဟာ မောဂန်ဂစ်၀ှိုက်ကို လည်ပင်းညှစ်ခဲ့တာကြောင့် အနီကတ်ပြခံခဲ့ရတာဖြစ်ပြီး မန်စီးတီးတို့ ပွဲကို အနိုင်ရထားလို့သာ တော်ခဲ့တာပါ။ အဲဒီနောက် မကြာခင်မှာပဲ ဂိုးသမားအီဒါဆန်ဟာလည်း နော်တင်ဖောရက်စ်တိုက်စစ်မှူး အဝိုနီယီနဲ့ အချင်းများခဲ့ကာ အဝါကတ်ပြခံခဲ့ရပါတယ်။
တကယ်လို့သာ နောက်ထပ် အနီကတ်ထပ်ပြခံခဲ့ရမယ်ဆိုရင် ဂွါဒီယိုလာတယောက် သေချာပေါက်ကို ပေါက်ကွဲခဲ့မှာပါ။ ဒါပေမယ့် မန်စီးတီးရဲ့ Kitman ဘရန်ဒန်အက်ရှ်တန်က အဲဒီလိုမဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။ သူဟာ မန်စီးတီးဂိုးပေါက်နားကို ရောက်သွားခဲ့ပြီး အဝါကတ်ထိထားတဲ့ ဂိုးသမားအီဒါဆန်ကို နောက်တဝါထိရင် အထုတ်ခံရမယ်ဆိုတာ သတိပေးခဲ့တာပါ။
အီဒါဆန်ဟာ ဘောလုံးကို ရရှိခဲ့ပြီးနောက်မှာ အချိန်ဆွဲတဲ့အနေနဲ့ ဖြည်းဖြည်းချင်းလမ်းလျှောက်နေခဲ့တာပါ။ ဒါကို အက်ရှ်တန်က အချိန်ဆွဲလို့ အဝါကတ်ထပ်ပြခံရမယ်ဆိုရင် အထုတ်ခံရမယ်ဆိုတာကို သတိပေးခဲ့ပြီး အီဒါဆန်ကလည်း သူ သဘောပေါက်ပြီလို့ လက်မထောင်ပြသွားခဲ့ပါတယ်။
မန်စီးတီးပရိသတ်တွေကတော့ အက်ရှ်တန်ရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ကြပြီး အစက ဘာကြောင့်လဲဆိုတာ မသိခဲ့ဘူး၊ အခုတော့ နားလည်ခဲ့ပြီလို့ဆိုကာ ချီးကျူးနေကြပါတယ်။ အသင်းအတွက် ဘယ်သူမဆို အရေးပါတဲ့နေရာကနေ တာဝန်ယူပေးနေတယ်လို့လည်း ချီးမွမ်းခဲ့ကြပါတယ်။