မန်စီးတီး အရံဂိုးသမားလေး စတပ်ဖ်ဖင်ဟာ ဒီကနေ့ ယှဥ်ပြိုင်ကစားသွားတဲ့ လီဗာပူးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီဂိုးသမားက စိတ်ပျက်စရာ အမှားအယွင်းကို ကျူးလွန်ခဲ့ပြီး သူ့အမှားကြောင့် ဂိုးပေးခဲ့ရသလို မန်စီးတီးလည်း ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။
ပွဲဆက်တွေများနေတာကြောင့် နည်းပြ ဂွါဒီယိုလာက အီဒါဆန်ကို အနားပေးပြီး စတပ်ဖ်ဖင်ကို ပွဲထွက်စေခဲ့တာပါ။ ဒါပေမယ့် ပွဲကစားချိန် (၁၆) မိနစ်မှာတင် စတပ်ဖ်ဖင်က မလိုအပ်ဘဲ ဘောလုံးကိုင်ကစားပြီး လီဗာပူးအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို ခွင့်ပြုလိုက်ရပါတယ်။
လီဗာပူးဟာ ပွဲကစားချိန် (၈) မိနစ်မှာ ထောင့်ကန်ဘောကတဆင့် ကိုနာတေးရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီဂိုးမှာလည်း စတပ်ဖ်ဖင်ရဲ့ အားနည်းချက်ကို မြင်တွေ့ခဲ့ရသလို ဒုတိယဂိုးမှာတော့ တော်တော်လေး ဆိုးရွားခဲ့တာပါ။
စတုန်းစ်ပြန်ချပေးလိုက်တဲ့ ဘောလုံးကို စတပ်ဖ်ဖင်က မလိုအပ်ဘဲ အချိန်ဆွဲထားခဲ့ပြီး မာနေးက ချက်ချင်းဆိုသလို ပြေးဝင်ဖျက်ထုတ်ခဲ့တာကြောင့် ဂိုးထဲဝင်သွားခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က မန်စီးတီးနဲ့လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း အီဒါဆန်က အလားတူဖြစ်ရပ်မျိုးကို ကျူးလွန်ခဲ့ပါတယ်။
ဒါပေမယ့် အီဒါဆန်ကတော့ ဂျိုတာနဲ့ လွတ်အောင် ဘောလုံးကိုပေးနိုင်ခဲ့ပြီး အခု စတပ်ဖ်ဖင်ကတော့ ကံဆိုးကာ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။ မန်စီးတီးဟာ ဒီရှုံးပွဲကြောင့် အက်ဖ်အေဖလားနဲ့ လွဲချော်ခဲ့ရပြီး လီဗာပူးကတော့ ဒီရာသီ ဆုဖလား (၄) လုံးမျှော်လင့်ချက်အတွက် အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။