ဆာရီအတွက် တော်တော်လေးဖိအားတွေ ဝင်ခဲ့ရတဲ့ ရှုံးပွဲပါ။

အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက်မှာ လက်ရှိချန်ပီယံချယ်လ်ဆီးဟာ အက်ဖ်အေဖလားကို လက်ပြနှုတ်ဆက်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ ချယ်လ်ဆီးပရိသတ်တွေဟာ နည်းပြဆာရီရဲ့ ကစားကွက်အပေါ် အော်ဟစ်လှောင်ပြောင်ပြီး ဆဲဆိုခဲ့ကြတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။



ချယ်လ်ဆီးပရိသတ်များက "F**k Sarri-ball" လို့ အော်ဟစ်ခဲ့ကြတာဖြစ်ပြီး ကိုဗာဆစ် နဲ့ ဘာကလေတို့ကို လူစားလဲလှယ်ခဲ့ချိန်မှာလည်း ဆာရီကို ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြပါတယ်။ ကိုဗာဆစ် နဲ့ ဘာကလေတို့ကို လူစားလဲလှယ်မှုဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အကြိမ် ဂ(၂၀)မြောက် ဖြစ်လာခဲ့တာဖြစ်ပြီး ဆာရီရဲ့ ကစားသမားအပြောင်းအလဲအပေါ် တသမတ်တည်း လုပ်နေတဲ့အပေါ် ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကစားသမားဟောင်းလမ်းပတ်ကို နည်းပြအဖြစ် ခန့်အပ်ဖို့အတွက်လည်း ချယ်လ်ဆိးပရိသတ်များက အော်ဟစ်တောင်းဆိုခဲ့ကြပြီး ပြိုင်ဘက်ယူနိုက်တက်ပရိသတ်တွေကလည်း မော်ရင်ဟိုကို ချယ်လ်ဆီးနည်းပြအဖြစ် ပြန်လည်ခန့်အပ်သွားဖို့အတွက်လည်း လှောင်ပြောင်ခဲ့တယ်လို့ သိရပါတယ်။ မော်ရင်ဟိုကတော့ နှစ်သင်းစလုံးရဲ့ နည်းပြဟောင်းဖြစ်ပြီး နှစ်သင်းစလုံးကနေ ထုတ်ပယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၅)ပွဲမှာ (၃)ပွဲအထိ အရေးနိမ့်ခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲကနေပါ ထွက်ခွာခဲ့ရလို့ ဆာရီအတွက်တော့ ဖိအားတွေ တော်တော်များလာခဲ့ပြီ ဖြစ်ပါတယ်။ အသင်းပရိသတ်များရဲ့ ဝိုင်းဝန်းလှောင်ပြောင်မှုနဲ့ လမ်းပတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ တောင်းဆိုမှုတွေကလည်း ဆာရီရဲ့ နည်းပြထိုင်ခုံကို ပိုမိုလှုပ်ခတ်လာစေခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့ရဲ့ ပွဲမှာတော့ ဟာရဲရား နဲ့ ပေါ့ဂ်ဘာတို့က ယူနိုက်တက်အတွက် အနိုင်ဂိုးတွေကို ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး အဝေးကွင်းမှာ နိုင်ပွဲရရှိစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက အက်ဖ်အေဖလားဗိုလ်လုပွဲရှုံးကြွေးကို ယူနိုက်တက်က အဝေးကွင်းမှာ ပြန်လည်ပေးဆပ်နိုင်ခဲ့လို့လည်း ချိုမြိန်တဲ့ နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က