အဆိုတော်မဖြစ်ခင်ကတည်းက ကျောင်းမှာဆုံဖူးတယ်။

ထက်ယံဟာ မကြာခင် အိချောပိုနဲ့အတူ ဇာတ်လမ်းတွဲရိုက်ကူးရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားနေတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ အိချောပို နဲ့ စတွေ့ခဲ့တုန်းက အမှတ်တရတွေ ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: Htet Yan



အဆိုတော် ထက်ယံတစ်ယောက် ပထမဆုံးသရုပ်ဆောင်လုပ်ရမယ့် ဇာတ်လမ်းတွဲမှာ အိချောပိုနဲ့အတူတွဲ သရုပ်ဆောင်ရမှာဖြစ်လို့ စိတ်လှုပ်ရှားနေပါတယ်တဲ့။ စကားစပြောဖို့တောင် စကားလုံးတွေ ရှာမရဘူးလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’မအိချောပိုနဲ့ စကားလည်းမပြောရသေးဘူး၊ နှုတ်တောင်မဆက်ရသေးပါဘူး။ အခုမှ စတွေ့တာ။ ဒါကို ကျွန်တော်သိတာတောင် သိပ်မကြာသေးဘူး။ ကျွန်တော့် ပရိသတ်တွေကိုတောင် စကားမပြောရသေးဘူး။ ရှိန်တာတွေတော့ရှိပါတယ်။ ဘယ်ကနေ ဘယ်လို စပြောရမလဲမသိဘူး။ သိတော့ သိကြပါတယ်။ အခုလို တွေ့တော့ ဘာစကားကို ဘယ်လို စပြောရမလဲ မသိတော့တာပါ’’ လို့ သူကဆိုပါတယ်။

Photo: Htet Yan

ထက်ယံက အဆိုတော် အလုပ်မလုပ်ခင်ကတည်းက အိချောပိုကို စသိခဲ့တာလို့ဆိုပါတယ်။ တက်တဲ့ ကျောင်းကလည်း တစ်ကျောင်းတည်းဖြစ်ခဲ့သလို စာမေးပွဲဖြေတော့လည်း အတူတူ ဆုံခဲ့ဖူးတဲ့ အမှတ်တရတွေရှိတယ်လို့ ပြောပါတယ်။

‘’အစ်မကိုတော့ ကျွန်တော် သိတာကြာပြီ။ ကျွန်တော် ယဉ်ကျေးမှု တက္ကသိုလ်မှာကတည်းက သူက ဂုဏ်ထူးတန်းလားမသိဘူး လာတက်တာပေါ့။ ကျွန်တော် စာမေးပွဲဖြေတာ ဒုတိယနှစ်ရော၊ တတိယနှစ်ရော ကျွန်တော့် ခုံရဲ့ ဘေးမှာပေါ့။ ကျွန်တော်နဲ့ တစ်ခုံတည်းကိုမှ သူက အစွန်ဆုံးမှာ ထိုင်တာ။ စာမေးပွဲကြီးဖြေတိုင်း သူနဲ့ ဆုံခဲ့ဖူးတယ်’’ဆိုပြီးတော့ ‘’ဆုံဆည်းခွင့်’’ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

အိချောပိုကို စပြီး သိတဲ့အချိန်မှာတော့ သူမက မင်းသမီးစလုပ်နေပြီလို့ ထက်ယံကပြောပါတယ်။ သဘောကျမိခဲ့တာတွေတော့ ရှိတယ်လို့ ရှက်ကိုးရှက်ကန်းနဲ့ ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ အစ်မက မှတ်မိမလား မသိပေမယ့် ကျွန်တော်က မှတ်မိတယ်လေ။ အစ်မက အဲဒီတုန်းကတည်းက မင်းသမီးဖြစ်နေတာဆိုတော့ မှတ်မိတာပေါ့။ သဘောကျမိတဲ့ အချက်တွေတော့ ရှိပါတယ်။ ဒါကတော့ ယောကျ်ားလေး ပရိသတ်တွေလည်းရှိတော့ သိကြမှာပါ။ အတူတူ ဇာတ်ကားရိုက်ရတော့မှာဆိုတော့ မစိမ်းအောင်တော့ နေရမှာပါ’’ လို့ သူကဆိုပါတယ်။

Photo:Htet Yan

ထက်ယံ(Htet Yan)ကိုတော့ အချစ်သီချင်း မြူးမြူးလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူဟာ ဂီတနဲ့ပတ်သက်ပြီး သီချင်းတွေရေး၊ သီချင်းတွေဆိုရင်းကနေမှတဆင့် အနုပညာလောကထဲကို ရောက်ရှိလာခဲ့သူပါ။ မကြာသေးခင်က သူကိုယ်တိုင်ရေးသားပြီး သီဆိုထားတဲ့ ‘’နွေးသွားတယ်’’ ဆိုတဲ့ သီချင်းလေးကလည်း ဆယ်ကျော်သက် လူငယ်လေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တာကို တွေ့ရပါတယ်။ အများအားဖြင့် ထက်ယံက သူကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတဲ့ သီချင်းတွေနဲ့ အောင်မြင်နေတဲ့သူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က