နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူထားတဲ့ တန်ဖိုးကြီး စူပါကားတွေကို လေလံတင်ရောင်းချခဲ့ပါတယ်။

အီကွေတိုရီယယ်ဂီနီနိုင်ငံ သမ္မတရဲ့သားဖြစ်သူထံမှ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူထားတဲ့ တန်ဖိုးကြီး စူပါကားတွေကို ဆွစ်ဇာလန်နိုင်ငံမှာ လေလံတင်ရောင်းချခဲ့ပါတယ်။

(Photo: Reuters)

အဆိုပါ စူပါကားတွေကို အီကွေတိုရီယယ်ဂီနီ သမ္မတရဲ့သား Teodorin Nguema Obiang ကို စုံစမ်းစစ်ဆေးမှုအရ ဆွစ်ဇာလန်အာဏာပိုင်တွေက သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။ Teodorin Nguema Obiang ဟာ အီကေတိုရီယယ်ဂီနီ သမ္မတ Teodoro Obiang Nguema ရဲ့ သားဖြစ်တဲ့အပြင် နိုင်ငံရဲ့ ဒုတိယသမ္မတလည်းဖြစ်တယ်လို့ သိရပါတယ်။



၎င်းရဲ့ဖခင် သမ္မတ Teodoro Obiang Nguema ဟာ အီကွေတိုရီယယ်ဂီနီနိုင်ငံကို နှစ်ပေါင်း ၄၀ ကြာ အုပ်ချုပ်ခဲ့ပါတယ်။ Teodorin Nguema Obiang စုဆောင်းထားတဲ့ စူပါကားအစီးရေ ၂၅ စီးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အနီးရှိ ဂေါက်ကလပ်တစ်ခုမှာ လေလံတင်ရောင်းချခဲ့ပါတယ်။

(အီကွေတိုရီယယ်ဂီနီ သမ္မတရဲ့သား Teodorin Nguema Obiang) (Photo: Jerome Leroy/AFP/Getty Images)

လေလံတင်ရောင်းချတဲ့ စူပါကားတွေအနက် Lamborghini, Ferrari, Bentley နဲ့ Rolls Royces ကားများပါဝင်ခဲ့ပြီး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၈.၅ သန်း ဖြစ်ကြောင်းသိရပါတယ်။ စူပါကားများအနက် ဒေါ်လာ ၆.၂ သန်းအထိ တန်ဖိုးရှိတဲ့ Lamborghini Veneno Roadster ကားတစ်စီးနဲ့ ဒေါ်လာ ၁.၇ သန်းအထိ တန်ဖိုးရှိတဲ့ Aston Martin One-77 Coupe ကားတစ်စီးတို့လည်း ပါဝင်ခဲ့ပြီး ၎င်းကားတွေဟာ ရှားပါးထူးခြားတဲ့ စူပါကားတွေဖြစ်တယ်လို့ ဆိုပါတယ်။

"ဒီလိုကားတစ်စီးစီးကို ဝယ်ယူစုဆောင်းထားဖို့ဆိုတာက ကျောက်မျက်ရတနာလိုပါပဲ၊ ဒါပေမဲ့ ဒီလိုကားတွေ အကုန်လုံးကို အတူတကွ စုဆောင်းပိုင်ဆိုင်ဖို့ဆိုတာကတော့ တစ်ကယ့်ကို အတော်လေး အံ့အားသင့်စရာပါပဲ" လို့ Bonhams လေလံကုမ္ပဏီမှ ပြန်ကြားရေးအရာရှိ Lynnie Farrant က BBC သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: Denis Balibouse/Reuters)

အီကွေတိုရီယယ်ဂီနီ သမ္မတရဲ့သားနဲ့ ဒုတိယသမ္မတလည်းဖြစ်သူ Teodorin Nguema Obiang စူပါကားတွေကို လေလံတင်ရာမှာ အနိမ့်ဆုံးကြမ်းခင်းဈေး သတ်မှတ်မထားခဲ့ဘဲ အဓိကအားဖြင့် ဥရောပမှအပါအဝင် ကမ္ဘာတစ်ဝှမ်းမှ စုဆောင်းဝယ်ယူလိုသူတွေ စိတ်ဝင်တစားရှိခဲ့ကြပါတယ်။

စူပါကားတွေကို လေလံတင်ရောင်းချရာမှ ရရှိလာမယ့်ငွေတွေကို တစ်ချိန်က စပိန်ကိုလိုနီဖြစ်ခဲ့ပြီး လက်ရှိမှာ ဆင်းရဲတွင်းနက်နေတဲ့ အီကွေတိုရီယယ်ဂီနီနိုင်ငံရှိ ရန်ပုံငွေအဖွဲ့အစည်းတစ်ခုထံ လှူဒါန်းပေးအပ်သွားမယ်လို့ သိရပါတယ်။ ဂျီနီဗာမြို့မှ ၁၈ မိုင်အကွာ ဆွစ်ဇာလန်ကျေးရွာ Cheserex မှာ ပြုလုပ်ခဲ့တဲ့ လေလံပွဲအတွင်း Teodorin Nguema Obiang စူပါကားတွေ အပါအဝင် စုစုပေါင်း ကားအစီးရေ ၇၅ စီးကို ရောင်းချနိုင်ခဲ့ပါတယ်။

(Photo: Denis Balibouse/Reuters)

Teodorin Nguema Obiang ဟာ အီကွေတိုရီယယ်ဂီနီမှာ ၁၉၇၉ ခုနှစ်ကတည်းက သမ္မတဖြစ်ခဲ့တဲ့ ဖင်ဖြစ်သူ Teodorin Nguema Obiang ကို ဆက်ခံသူလို့သိထားကြပါတယ်။ အသက် ၅၁ နှစ်အရွယ် Teodorin Nguema Obiang ဟာ ဖခင်ရဲ့အကြံပေးနဲ့ စိုက်ပျိုးရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်မှာ ဒုတိယသမ္မတ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြမှုတွေအရ Teodorin Nguema Obiang ၎င်းရဲ့ အသုံးအဖြုန်းကြီးပြီး လူချမ်းသာ လူပေါ်ကြော့ပုံစံ နေထိုင်မှုပုံစံတွေကြောင့် ဝေဖန်မှုတွေများစွာရှိခဲ့ကြောင်း သိရပါတယ်။

(အီကွေတိုရီယယ်ဂီနီ သမ္မတ Teodoro Obiang Nguema) (Photo: Getty Images)

ဆွစ်ဇာလန် စုံစမ်းစစ်ဆေးရေးမှူးတွေက ၎င်းကို ငွေကြေးခဝါချမှုနဲ့ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားပြုမှုတို့ဖြင့် စုံစမ်းစစ်ဆေးခဲပေမဲ့ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း ထိုအမှုတွေကို ရုပ်သိမ်းလိုက်ပါတယ်။ Teodorin Nguema Obiang ကို ၂၀၁၇ ခုနှစ်အတွင်း ပြင်သစ်တရားရုံးတစ်ရုံးက အဂတိလိုက်စားမှုအတွက် ဆိုင်းငံ့ထောင်ဒဏ်သုံးနှစ် ချမှတ်ထားခဲ့ကြောင်းလည်း သိရပါတယ်။


Share

Loading Next Article...
က္က