အီဂါလိုအတွက် ယူနိုက်တက်နဲ့ ရှန်ဟိုင်းရှန်ဟွာတို့ အကြိတ်အနယ်ဆွေးနွေးခဲ့ကြရပြီး စာချုပ်သက်တမ်းကုန်ဆုံးပြီး နောက်တစ်နေ့မှသာ သဘောတူညီမှုရရှိခဲ့တာလည်းဖြ်စပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးအီဂါလိုကို အငှားသက်တမ်း ၈ လတိုးမြှင့်ခဲ့ရာမှာ ပေါင် ၁၀.၅သန်းခန့် ကုန်ကျမယ်လို့ သိရပါတယ်။ အငှားခေါ်ယူမှုအဖြစ် ရှန်ဟိုင်းရှန်ဟွာအသင်းကို ပေါင် ၆ သန်းပေးချေခဲ့ရပြီး ကစားသမားရဲ့ လစာကိုတော့ ယူနိုက်တက်က ထက်ဝက်ထက်နည်းပါးတဲ့ ပမာဏသာပေးချေရမယ်လို့လည်း သိရပါတယ်။
အီဂါလိုဟာ တစ်ပတ်လုပ်ခပေါင်သုံးသိန်းရရှိနေတာဖြစ်ပြီးတော့ ယူနိုက်တက်အနေနဲ့ တစ်ပတ်ကို ပေါင်တစ်သိန်းသုံးသောင်းသာ ပေးချေရမယ်လို့ Daily Mail က ရေးသားဖော်ပြခဲ့ပါတယ်။ ကျန်ငွေကြေးကိုတော့ တရုတ်ကလပ်ဘက်က ပေးချေသွားရဖို့ရှိနေပြီး ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလအထိ အီဂါလိုက အိုးထရက်ဖို့ဒ်မှာ ရှိနေတော့မှလည်းဖြစ်ပါတယ်။
တရုတ်စူပါလိဂ်ကို ပြန်လည်စတင်တော့မှာဖြစ်ပေမယ့် နိုင်ငံခြားသားကစားသမားတွေအတွက်တော့ တရုတ်ပြည်တွင်းကို ဝင်ရောက်ခွင့်ရရှိဖို့ မလွယ်ကူဘဲ အောက်တိုဘာလအတွင်းမှသာ ခွင့်ပြုပေးဖွယ်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီအချက်က အီဂါလိုကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အတွက် အခွင့်အရေးတစ်ခုဖြစ်ခဲ့ပြီး နောက်ထပ် ၈ လစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။