အီဂျစ်နိုင်ငံကို ဆယ်စုနှစ်သုံးခုကြာ အုပ်ချုပ်ခဲ့ပြီးနောက် ရာထူးမှဖြုတ်ချခံခဲ့ရတဲ့ သမ္မတဟောင်းဟိုစနီမူဘာရတ် ကွယ်လွန်သွားပြီလို့ အစိုးရပိုင် ရုပ်မြင်သံကြားသတင်းက ယနေ့ (ဖေဖေါ်ဝါရီ ၂၅ ရက်) ပြောပါတယ်။
(၂၀၁၂ ခုနှစ်အတွင်း တရားခွင်မှာတွေ့ရသည့် မူဘာရတ်) (Photo: EPA)
အသက် ၉၁ နှစ်အရွယ် အီဂျစ်သမ္မတဟောင်း မူဘာရတ်ဟာ ခွဲစိတ်ကုသမှုခံယူပြီးနောက် ရက်သတ္တပတ်များအကြာမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ နှောင်းပိုင်းက ခွဲစိတ်ကုသမှုခံယူပြီးနောက်ပိုင်း မူဘာရတ်နဲ့ ၎င်းရဲ့မြေးတို့ရဲ့ ဓာတ်ပုံတစ်ပုံကို မြေးဖြစ်သူက Instagram မှာ တင်ထားခဲ့တာလည်း တွေ့ရပါတယ်။
မူဘာရတ်ဟာ ကိုင်ရိုမြို့ရှိ Galaa စစ်ဘက်ဆေးရုံမှာ ကွယ်လွန်ခဲ့ကြောင်း ၎င်းရဲ့ယောက်ဖ ဗိုလ်ချုပ်ကြီး Mounir Thabet က AFP သတင်းဌာနကို ပြောပါတယ်။ မူဘာရတ်မိသားစုဟာ ဆေးရုံမှာရှိနေကြပြီး ဈာပနအခမ်းအနားကို အီဂျစ်သမ္မတရုံးက စီစဥ်ဆောင်ရွက်သွားမယ်လို့လည်း ၎င်းက အတည်ပြုခဲ့ပါတယ်။
(မူဘာရတ်နှင့် ၎င်း၏မြေး) (Photo: omaralaa mubarak/IG)
မူဘာရတ်ဟာ အီဂျစ်သမ္မတအဖြစ် ၁၉၈၁ ခုနှစ်မှစပြီး နိုင်ငံကို နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်ခဲ့ကာ ၂၀၁၁ ခုနှစ် အစိုးရဆန့်ကျင်ရေး လူထုဆူပူအုံကြွ ဆန္ဒပြမှုတွေ အကြီးအကျယ်ပေါ်ပေါက်လာခဲ့ပြီးနောက် သမ္မတအဖြစ်မှ ဖြုတ်ချခံခဲ့ရပါတယ်။ ထို့နောက် မူဘာရတ်ကို ၂၀၁၁ ခုနှစ် ဆန္ဒပြပွဲများအတွင်း ပါဝင်ဆန္ဒပြသူတွေကို သတ်ဖြတ်ရာမှာ ကြံရာပါအဖြစ် ပါဝင်ခဲ့မှုဖြင့် ထောင်ဒဏ်တစ်သက်နဲ့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရပါတယ်။ သို့သော် ၂၀၁၇ ခုနှစ်အတွင်း မူဘာရတ်ကို စီရင်ချမှတ်ထားမှုများအား ပယ်ဖျက်ပေးခဲ့ပြီးနောက် အကျဥ်းထောင်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အီဂျစ်တော်လှန်ရေး လူထုဆန္ဒပြမှုများအတွင်း ဆန္ဒပြသူ ၉၀၀ သေဆုံးခဲ့ကြောင်း သိရပါတယ်။
(မူဘာရတ်နှင့် လုပ်ကြံခံရသည့် အီဂျစ်သမ္မတ အန်ဝါဆာဒတ်) (Photo: AP)
အီဂျစ်နိုင်ငံကို ဆယ်စုနှစ်သုံးခုကြာ အုပ်ချုပ်ခဲ့တဲ့ မူဘာရတ်ဟာ ၁၉၂၈ ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ ၎င်းဟာ ဆယ်ကျော်သက်အရွယ် ၁၉၇၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အာရပ်-အစ္စရေးစစ်ပွဲမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ထိုစစ်ပွဲအပြီး ဆယ်စုနှစ်တစ်ခုမပြည့်မီမှာပင် အီဂျစ်သမ္မတ အန်ဝါဆာဒက် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် မူဘာရတ်က အီဂျစ်သမ္မတ ဖြစ်လာခဲ့ပါတယ်။
မူဘာရတ်ဟာ အီဂျစ်သမ္မတဖြစ်လာခဲ့ပြီးနောက် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ မူဘာရတ်လက်ထက်မှာ အီဂျစ်နိုင်ငံဟာ အမေရိကန်ဒေါ်လာ ဘီလီယံများနဲ့ချီရှိတဲ့ စစ်ဘက်အသုံးစရိတ်တွေ ရရှိခဲ့ပေမဲ့ အလုပ်လက်မဲ့နှုန်း၊ ဆင်းရဲမွဲတေမှုနဲ့ အဂတိလိုက်စားမှုတွေ ဆက်လက် မြင့်တက်နေခဲ့ပါတယ်။
(၂၀၁၁ ခုနှစ် အီဂျစ်လူထုအုံကြွမှုအတွင်း မြင်ကွင်းတစ်ခု) (Photo: AP)
ထိုအခြေအနေတွေ ဖြစ်နေရာမှ ၂၀၁၁ ခုနှစ် ဇန်နဝါရီအတွင်း တူနီရှားနိုင်ငံမှာ လူထုဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့ပြီးနောက် သမ္မတကိုဖြုတ်ချခဲ့ကြရာ အီဂျစ်မှာလည်း သမ္မတမူဘာရတ်ကို ဖြုတ်ချနိုင်ရေး အလားတူ လူထုဆူပူအုံကြွ ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ပါတယ်။ လူထုဆန္ဒပြမှုတွေ ၁၈ ရက်ကြာ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီးနောက် မူဘာရတ်ဟာ သမ္မတရာထူးကနေ ဆင်းပေးခဲ့ရပါတယ်။
၂၀၁၁ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ အာရပ်နွေဦးခေါ် အာရပ်နိုင်ငံတွေမှာ အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြမှုများဖြင့် တူနီးရှားနဲ့ အီဂျစ်တို့မှာ အာဏာရှင်သမ္မတများကို ဖြုတ်ချနိုင်ခဲ့ကြပြီး လစ်ဗျားမှာလည်း ပြည်တွင်းစစ်ဖြစ်ပွားကာ ကဒါဖီအစိုးရ ပြုတ်ကျသွားခဲ့ပါတယ်။
(၂၀၀၄ ခုနှစ်မှာတွေ့ရသည့် အာရပ်နိုင်ငံအချို့မှ ခေါင်းဆောင်များ) (Photo: AFP via Getty Images)
ထို့အတူ ဘာရိန်း၊ ဆီးရီးယားနဲ့ ယီမင် နိုင်ငံတွေမှာလည်း လူထုဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့ပြီး ယီမင်ဝန်ကြီးချုပ် ရာထူးမှ ဆင်းပေးခဲ့ရကြောင်း သိရပါတယ်။ အီဂျစ်မှာ မူဘာရတ် သမ္မတအဖြစ်မှ ဖြုတ်ချခံရပြီးနောက် နိုင်ငံရဲ့ ပထမဆုံး ဒီမိုကရေစီစနစ်ဖြင့် သမ္မတရွေးကောက်ပဲ ကျင်းပပြုလုပ်ခဲ့ရာ အစ္စလာမ်မစ်နိုင်ငံရေးသမား မိုဟာမက်မော်စီက အနိုင်ရရှိပြီး သမ္မတဖြစ်လာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ မော်စီကို အီဂျစ်စစ်တပ်က သမ္မတရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ထောင်ဒဏ်ချမှတ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း အကျဥ်းထောင်ထဲမှာ ကွယ်လွန်ခဲ့ပါတယ်။
Source: CNN, Guardian