လီဗာပူးတို့ အဝေးကွင်းမှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့တာပါ။

စပါးကတော့ ဆွန်ဟောင်မင် မပါဝင်နိုင်မှုနဲ့အတူ တိုက်စစ်ပိုင်းမှာ အားနည်းခဲ့ပြီး ကွန်တီကတော့ သူ့အသင်းကို အဆင်ပြေသလိုပဲ ပွဲထုတ်လာရပါတယ်။ ဟယ်ရီကိန်း၊ ပါရီဆစ်၊ ဘန်တန်ကာ၊ ဟို့ချ်ဘာ့ချ်၊ ဘစ်ဆိုမာတို့နဲ့အတူ လီဗာပူးကို ရင်ဆိုင်ဖို့ ကြိုးစားခဲ့ပါတယ်။



လီဗာပူးကလည်း တိုက်စစ်မှာ ဆာလာ၊ ဒါဝင်နူးနက်ဇ်၊ ဖေမီနိုတို့ အတွဲ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာ သီယာဂို၊ ဖာဘင်ဟို၊ အီလီယော့တို့နဲ့အတူ နောက်တန်းမှာလည်း ကိုနာတေး၊ ဗန်ဒိုက်ချ်တို့နဲ့ လူစုံခဲ့ပါတယ်။ စပါးအတွက် ဒီပွဲမှာ အဓိက အပြစ်တင်ရမှာက တဦးချင်းအမှားပါ။ ဆာလာရဲ့ သွင်းဂိုးအတွက် ဒိုင်ယာက ခေါင်းတိုက်ချပေးလိုက်တာဖြစ်ပြီး တော်တော် စိတ်ပျက်ဖို့ကောင်းပါတယ်။

စပါးက လိုရစ်မမှားရင် နောက်တန်းက တယောက်ယောက်က ဒီလိုအမှားလေး မှားပေးမှ နေလို့ထိုင်လို့ကောင်းမယ့်ပုံစံမှာရှိနေပါတယ်။ နယူးကာဆယ်နဲ့ပွဲမှာလည်း ဒီလိုမျိုးတွေနဲ့ ခံစားခဲ့ရပြီး အခု လီဗာပူးလို အသင်းကြီးနဲ့တွေ့တဲ့ပွဲမှာပါ ထပ်မှားခဲ့တာပါ။ ဆာလာကတော့ ဒါဝင်နူးနက်ဇ်ရဲ့ ဖန်တီးမှု၊ ဒိုင်ယာရဲ့ ဖန်တီးပေးမှုတွေနဲ့အတူ ပထမပိုင်းမှာတင် နှစ်ဂိုးပြတ် ဦးဆောင်ထားပါတယ်။

ဒုတိယပိုင်းမှာတော့ စပါးတို့ ချေပဂိုးတွေရဖို့ ဆက်တိုက် တိုက်စစ်မြှင့်ခဲ့ပြီး ကူလူဆက်ဗ်စကီးဝင်လာချိန်မှာတော့ ချက်ချင်းဆိုသလို ချေပဂိုးတဂိုးရခဲ့ပါတယ်။ ဟယ်ရီကိန်းက ကူလူဆက်ဗ်စကီးရဲ့ ဖန်တီးပေးမှုကနေ အဆုံးသတ်ခဲ့တာပါ။ စပါးက ဒီမတိုင်ခင်တည်းက ချေပဂိုးရမလိုဖြစ်ခဲ့ပေမယ့် အယ်လစ်ဆန်ကောင်းခဲ့တာ၊ ဂိုးကံခေခဲ့တာတွေကြောင့် နစ်နာခဲ့ရပါတယ်။

လီဗာပူးကတော့ ဒုတိယပိုင်းမှာ တန်ပြန်တိုက်စစ်ကိုပဲ ပိုမိုအားပြုခဲ့ရပြီး ဒါဝင်နူးနက်ဇ်ရဲ့ ကန်ချက်တကြိမ်ကလည်း ဂိုးဘားတန်းထိထွက်ခဲ့တာ နစ်နာပါတယ်။ ပွဲပြီးတဲ့အထိတော့ စပါးတို့ ချေပဂိုးပြန်မရခဲ့သလို လီဗာပူးကလည်း ဂိုးထပ်မသွင်းနိုင်ခဲ့တာကြောင့် လီဗာပူးတို့ စပါးကွင်းမှာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိပြီး ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ပြန်ရှာတွေ့ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က