ဆီနီဂေါကတော့ တဖြည်းဖြည်းနဲ့ တိုက်စစ်ပိုင်းကောင်းမွန်လာပါတယ်။

မနေ့က ကစားခဲ့တဲ့ အာဖရိကဖလားကွာတားဖိုင်နယ်ပွဲစဉ်တွေအပြီးမှာတော့ ဆုဖလားရဖို့နာမည်ကြီးနေတဲ့ ဆီနီဂေါနဲ့ အီဂျစ်တို့လည်း ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ကြပါတယ်။ အီဂျစ်ကတော့ မော်ရိုကိုကို နောက်ကလိုက်ကစားပြီး အချိန်ပိုမှာ ရရှိခဲ့တဲ့ဂိုးကြောင့် ၂-၁ နဲ့ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ 

မော်ရိုကိုက ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် ဆာလာက ပြန်ချေပပေးခဲ့ပြီး အချိန်ပိုမှာ ထရာဇီဂက်က အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ မော်ရိုကိုဂိုးသမားရှေ့ထိတက်လိုက်ရာကနေ အီဂျစ်တို့တန်ပြန်တိုက်စစ်နဲ့ အကောင်းဆုံးအခွင့်အရေးရခဲ့ပေမယ့် ဆာလာရဲ့ လွဲချော်မှုကြောင့် အပိုင်အခွင့်အရေးတကြိမ်ကို လက်လွှတ်ခဲ့ရပါသေးတယ်။ 

ဒီပြိုင်ပွဲမှာ ၃ ဂိုးပဲသွင်းပြီး ကွာတားဖိုင်နယ်ရောက်လာတဲ့ ဆီနီဂေါကတော့ ဂွီနီယာကို ၃-၁ နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ဆီနီဂေါတိုက်စစ်က ဂိုးတွေပိုရလာခဲ့တာဖြစ်ပြီး ဒီပွဲမှာ မာနေးဂိုးမရခဲ့ပေမယ့် အသင်းဖော်တွေရဲ့ သွင်းဂိုးတွေကြောင့် ပြိုင်ဘက်ကို အေးအေးဆေးဆေးကျော်ဖြတ်နိုင်ခဲ့ပြီး သူတို့ရဲ့ ဆုဖလားမျှော်လင့်ချက်ကို အသက်သွင်းနိုင်ခဲ့ပါတယ်။ 

ဆီမီးဖိုင်နယ်မှာတော့ အိမ်ရှင်ကင်မရွန်း နဲ့ အီဂျစ်၊ ဘာကီနာဖာဆိုနဲ့ ဆီနီဂေါတို့ ရင်ဆိုင်ရတော့မှာပါ။ ဗိုလ်လုပွဲကိုတက်ရောက်ဖို့ ဆီနီဂေါက အခွင့်အလမ်းကောင်းနေပြီး ကင်မရွန်း-အီဂျစ်ပွဲကတော့ အကြိတ်အနယ်ဖြစ်လာမှာ သေချာပါတယ်။ အဆိုပါပွဲတွေကိုတော့ ဖေဖော်ဝါရီ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ ကစားသွားမှာဖြစ်ပြီး တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲကိုတော့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က