အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကို အခွန် ၁၂ ရာခိုင်နှုန်းကောက်ခံခဲ့ပါတယ်။

အိန္ဒိယမှာ တက်ကြွလှုပ်ရှားသူတွေနဲ့ ဘောလိဝုဒ်သရုပ်ဆောင်တွေ ဦးဆောင်ကြတဲ့ ကန့်ကွက်မှုတွေနဲ့ အမျိုးသမီး ပညာရေးနဲ့စွမ်းဆောင်ရည်မြှင့်တင်ရေး စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်လာခဲ့ပြီးနောက် အစိုးရက အငြင်းပွားဖွယ်ဖြစ်နေတဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကို အခွန်ကောက်ခံမှု ရုပ်သိမ်းလိုက်ပါတယ်။

Photo: AFP





အိန္ဒိယအစိုးရက ဇူလိုင် ၂၁ ရက်မှာ အမျိုးသမီးလစဉ်သုံးပစ္စည်းများ အပါအဝင် အဓိက လူသုံးကုန်ပစ္စည်း ၉၀ ခန့်ကို ဈေးနှုန်းကျဆင်းစေရန်အတွက် အခွန်ကောက်ခံမှုများ ပြင်ဆင်ပြောင်းလဲကြောင်း ကြေညာခဲ့ပါတယ်။ အစိုးရက ဈေးနှုန်းကျဆင်းစေရန် ရည်ရွယ်ခဲ့တဲ့ လူသုံးကုန်ပစ္စည်း အများအပြားဟာ မြို့ပေါ်နေ လူလတ်တန်းစားတွေ အသုံးများကြပါတယ်။

ဝန်ကြီးချုပ်မိုဒီအစိုးရက လာမယ့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ လူလတ်တန်းစားတွေကို ပစ်မှတ်ထားပြီး ယခု အစီအစဉ်ကို လုပ်ဆောင်လာခဲ့တာ ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

Photo: PTI



"အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို အခွန်ကောက်ခံမှု ၁၀၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုသွားမှာကို အမျိုးသမီးတွေအားလုံး ကျေနပ်ပျော်ရွှင်ကြမယ်လို့ ကျွန်တော် ထင်ပါတယ်၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို အခွန်ကောက်ခံတော့မှာ မဟုတ်ပါဘူး" လို့ ဘဏ္ဍာရေးဝန်ကြီး Piyush Goyal က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တက်ကြွလှုပ်ရှားသူတွေ၊ ဘောလိဝုဒ်သရုပ်ဆောင်တွေနဲ့ နိုင်ငံရေးသမားအချို့က အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကို အခွန် ၁၂ ရာခိုင်နှုန်းကောက်ခံမှုကို ကန့်ကွက်ခဲ့ကြပါတယ်။

ထိုသို့ အခွန်ကောက်ခံမှုကြောင့် အမျိုးသမီးများ တစ်ကိုယ်ရည်သန့်ရှင်းရေအတွက် အရေးပေါ်တဲ့ လစဉ်သုံးပစ္စည်းတွေကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ခြင်းမရှိ ဖြစ်စေကြောင်း ထောက်ပြခဲ့ကြပါတယ်။

Photo: Times of India



ယခုနှစ် အစောပိုင်းမှာ အစိုးရက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ အိန္ဒိယမှာ အသက် ၁၆ နှစ်မှ ၂၄ နှစ်ကြား ငယ်ရွယ်တဲ့ အမျိုးသမီးတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ လစဉ်သုံးပစ္စည်းများ အသုံးပြုနိုင်ခြင်းမရှိကြောင်း သိရပါတယ်။

အဆိုပါ ရာခိုင်နှုန်းဟာ ပိုမိုဆင်းရဲတဲ့ အိန္ဒိယအလယ်ပိုင်းနဲ့ အရှေ့ပိုင်း ပြည်နယ်တွေမှာ ၈၀ ရာခိုင်နှုန်းအထိ ဖြစ်နေတယ်လို့ဆိုပါတယ်။ အိန္ဒိယ ဘောလိဝုဒ်မှ နာမည်ကြီးမင်းသား အက်ခ်ရှေကူးမားက အစိုးရရဲ့ ယခုအစီအစဉ်ကို ကြိုဆိုလိုက်ပြီး ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

အက်ခ်ရှေကူးမားက အိန္ဒိယ ကျေးလက်ဒေသတွေအတွက် ဈေးသက်သာတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းများ ဖန်တီးထုတ်လုပ်သူတစ်ယောက်ရဲ့ ဘဝအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ 'Padman' ရုပ်ရှင်ဇာတ်ကားမှာ အဓိကမင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က