ကမ္ဘာပတ်လမ်းကြောင်းအတွင်း လွှတ်တင်ခဲ့သမျှထဲမှာ အပေါ့ပါးဆုံး ဂြိုဟ်တုလို့ဆိုပါတယ်

အိန္ဒိယကျောင်းသားတွေ တည်ဆောက်ခဲ့ကြတဲ့ ကမ္ဘာ့အပေါ့ပါးဆုံး ဂြိုဟ်တုကို လွှတ်တင်သွားမယ်လို့ သိရပါတယ်။ အလေးချိန် ၂.၆ ပေါင်သာရှိတဲ့ Kalamsat-V2 ဂြိုဟ်တုကို အာကာသပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုမှ ကျောင်းသားအုပ်စုက ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

(ကမ္ဘာ့အပေ့ါပါးဆုံး ဂြိုဟ်တု တည်ဆောက်နေမှု) (Photo: Space Kidz India)

Kalamsat-V2 ဂြိုဟ်တုက ရေဒီယိုထုတ်လွှင့်မှုတွေကို အထောက်အကူပြုပြီး ကျောင်းသူကျောင်းသား ကလေးငယ်တွေကိုလည်း အနာဂတ်ကာလရဲ့ သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေ ဖြစ်လာချင်တဲ့ အတုယူအားကျစိတ် ဖြစ်စေမယ်လို့ အိန္ဒိယ အာကာသအေဂျင်စီက ပြောပါတယ်။ ကျောင်းသားတွေ တည်ဆောက်ခဲ့တဲ့ ဂြိုဟ်တုကို Indian Space Research Organisation (ISRO) က Sriharikota စခန်းကနေ လွှတ်တင်သွားမယ်လို့ သိရပါတယ်။



(အပေါ့ပါးဆုံး ဂြိုဟ်တုကို တည်ဆောက်ခဲ့သည့် အိန္ဒိယကျောင်းသားအုပ်စု) (Photo: Space Kidz India)

"Kalamsat က တည်ဆောက်ခဲ့သမျှနဲ့ ကမ္ဘာပတ်လမ်းကြောင်းအတွင်း လွှတ်တင်ခဲ့သမျှထဲမှာ အပေါ့ပါးဆုံး ဂြိုဟ်တုဖြစ်ပါတယ်" လို့ ISRO အကြီးအကဲ K Sivan က ဆိုပါတယ်။ Kalamsat-V2 ဟာ ဆက်သွယ်ရေးဂြိုဟ်တုဖြစ်ပြီး ရေဒီယိုထုတ်လွှင့်မှုနဲ့ စီးပွားရေးအတွက် မဟုတ်တဲ့ ကြိုးမဲ့ဆက်သွယ်ရေးတို့အတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

(ကမ္ဘာ့အသေးငယ်ဆုံး ဂြိုဟ်တု တည်ဆောက်ခဲ့သည့် အိန္ဒိယကျောင်းသား) (Photo: India Times)

၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းမှာလည်း အသက် ၁၈ နှစ်အရွယ် အိန္ဒိယကျောင်းသားတစ်ဦးက တည်ဆောက်ခဲ့ပြီး အလေးချိန် ၆၄ ဂရမ် (ဝ.၁၄ ပေါင်) မျှသာရှိတဲ့ ကမ္ဘာ့အသေးငယ်ဆုံး ဂြိုဟ်တုကို အမေရိကန် NASA ရဲ့ လွှတ်တင်ရေးစခန်းကနေ လွှတ်တင်ခဲ့ဖူးပါတယ်။ အဆိုပါ ဂြိုဟ်တုကိုလွှတ်တင်မှုဟာ လေးနာရီကြာမြင့်ခဲ့ပြီး ကမ္ဘာပတ်လမ်းကြောင်းအတွင်းကိုတော့ မရောက်ခဲ့ဘူးလို့ဆိုပါတယ်။ Kalamsat-V2 ဂြိုဟ်တုကို တည်ဆောက်ခဲ့တဲ့ ကျောင်းသားအုပ်စုမှာ အဆိုပါ ကောျင်းသားလည်း ပါဝင်တယ်လို့ သိရပါတယ်။

(Kalamsat-V2 ကို သယ်ဆောင်သွားမည့် PSLV ဒုံးကျည်) (Photo: ISRO)

Kalamsat-V2 ကို ချင်နိုင်းမြို့အခြေစိုက် အာကာသပညာရပ်ဆိုင်ရာ အဖွဲ့အစည်း Space Kidz India မှ ကျောင်းသားတွေက တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျောင်းသားတွေ တည်ဆောက်ခဲ့ကြတဲ့ ကမ္ဘာ့အပေါ့ပါးဆုံး ဂြိုဟ်တုကို ၁၄၅ ပေကျော်ရှည်လာျးတဲ့ PSLV ဒုံးကျည်ဖြင့် ယနေ့ (ဇန်နဝါရီ ၂၄ ရက်) လွှတ်တင်သွားမယ်လို့ အိန္ဒိယသတင်းဌာန NDTV က ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က