ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေခဲ့တာ သီတင်းနှစ်ပတ်ကျော်ကြာပြီ ဖြစ်ပါတယ်

အိန္ဒိယ ကျောက်မီးသွေးတွင်းတစ်ခုမှာ ရေကြီးမှုဖြစ်ပြီး ပိတ်မိနေခဲ့တဲ့ မိုင်းတွင်းလုပ်သား ၁၅ ဦးကို ကယ်ဆယ်နိုင်ရန် လုပ်ဆောင်နေရာမှာ ရေတပ်မှ ရေငုပ်သမားအဖွဲ့တစ်ဖွဲ့ကိုလည်း စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

မိုင်းတွင်းလုပ်သားတွေက အိန္ဒိယအရှေ့မြောက်ပိုင်း Meghalaya ရှိ ကျောက်မီးသွေးတွင်းထဲကို ကြွက်တွင်းလို့ခေါ်ကြတဲ့ ကျောက်မီးသွေးခိုးတူးတဲ့ ဝင်ပေါက်ကနေ ဒီဇင်ဘာ ၁၃ ရက်မှာ ဝင်ရောက်သွားခဲ့ကြတယ်လို့ သိရပါတယ်။ ထို့နောက် အနီးအနားရှိ မြစ်တစ်စင်းမှ မြစ်ရေလျှံတက်ကာ ကျောက်မီးသွေးတွင်းထဲမှာ ရေကြီးမှုဖြစ်ပြီး ပိတ်မိခဲ့ကြပါတယ်။



ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သားတွေဟာ ယခုအချိန်ထိ အသက်ရှင်နေသေးခြင်းရှိ မရှိ အတိအကျ မသိနိုင်ဘူးလို့ ဆိုပါတယ်။ အိန္ဒိယသတင်းဌာန NDTV က ပြောကြားမှုအရ ကျောက်မီးသွေးတွင်းထဲကို ဝင်ရောက်ရှာဖွေတဲ့ ရေငုပ်သမားတွေက လုပ်ငန်းခွင်သုံး ဦးထုပ်သုံးလုံးကိုသာ တွေ့ခဲ့ရကြောင်း သိရပါတယ်။ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေက ရေစုပ်စက်များဖြင့် ကျောက်မီးသွေးတွင်းထဲမှ ရေများကိုစုပ်ထုတ်နေပါတယ်။

(Photo: Reuters)

တာဝန်ရှိသူတွေကတော့ မိုင်းတွင်းလုပ်သားတွေဟာ ကျောက်မီးသွေးတွင်းထဲမှာ လေရှိတဲ့နေရာလွတ်တစ်ခုကို ရှာတွေ့ကြဖွယ်ရှိတယ်လို့ မျှော်လင့်ထားပါတယ်။ "ဘုရားသခင်ရဲ့ကျေးဇူးနဲ့ မယုံနိုင်စရာ အံ့သြဖွယ်အဖြစ်ကပဲ သူတို့ကို အသက်ရှင်အောင် ကူညီနိုင်မှာပါ" လို့ Meghalaya ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး Kyrmen Shylla က Reuters သတင်းဌာနကို ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂၆ ရက်) မှာ ပြောခဲ့ပါတယ်။

(Photo: Reuters)

ရေကြီးမှုဖြစ်ပြီး မိုင်းတွင်းလုပ်သားတွေ ပိတ်မိနေခဲ့တဲ့ ကျောက်မီးသွေးတွင်းဟာ Meghalaya ပြည်နယ် အစွန်းအဖျား East Jaintia Hills တောင်တန်းဒေသမှာတည်ရှိပြီး အနက် ပေ ၃၇၀ ရှိတယ်လို့ သိရပါတယ်။ ကျောက်မီးသွေးတွင်းထဲကို ကြွက်တွင်းလို့ခေါ်ကြတဲ့ ခိုးတူးတဲ့ဝင်ပေါက်တွေကနေ ဝါးလှေခါးများသုံးပြီး ဝင်ရောက်ကြကာ ကျောက်မီးသွေးတူးလေ့ရှိကြပါတယ်။ ကြွက်တွင်းဝင်ပေါက်တွေကနေ ကျောက်မီးသွေးခိုးတူးကြသူတွေအနက် ကလေးများပါ ပါဝင်လေ့ရှိကြပြီး မတော်တဆမှုတွေလည်း ဖြစ်ပွားလေ့ရှိတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က