သစ်ပင်အောက်မှာ တရားအားထုတ်နေစဉ် ကျားသစ်ကိုက်ခံခဲ့ရပါတယ်

အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ် တောအုုပ်တစ်ခုထဲမှာ တရားထိုင်နေတဲ့ ဘုန်းတော်ကြီးတစ်ပါး ကျားသစ်ကိုက်ခံရပြီး ပျံလွန်တော်မူခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။

(Photo: AFP)



အဆိုပါ ဘုန်းတော်ကြီးက ကျားများထိန်းသိမ်းစောင့်ရှောက်ရေး ဘေးမဲ့တောဧရိယာအဖြစ် သတ်မှတ်ထားတဲ့ တာဒိုဘာအန်ဒ်ဟာရီ တောအုပ်ထဲရှိ သစ်ပင်တစ်ပင်အောက်မှာ တရားအားထုတ်နေစဉ် ကျားသစ်ကိုက်ခံခဲ့ရတယ်လို့ အာဏာပိုင်တွေက PTI သတင်းဌာနကို ပြောခဲ့ပါတယ်။ သက်တော် ၃၅ နှစ်အရွယ်ရှိ ဘုန်းတော်ကြီး ရာဟူးလ်ဝါလ်ကီလ်က ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းမှာ တောအုပ်အတွင်းပိုင်းကို ဝင်ရောက်သွားခဲ့ပြီး တရားအားထုတ်ခဲ့ပါတယ်။

ဘုန်းတော်ကြီးတွေကို တောအုပ်အတွင်း အလွန်ဝေးလံတဲ့ အတွင်းပိုင်းအထိ မသွားကြရန် သတိပေးထားခဲ့တယ်လို့ သစ်တောတာဝန်ရှိသူတွေက ပြောပါတယ်။ "တောအုပ်အတွင်းပိုင်းကို မသွားကြဖို့ ကျွန်တော် လူတိုင်းကို ပြောချင်ပါတယ်" လို့ သစ်တောတာဝန်ရှိသူ Narawane က BBC Marathi သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: Abhishek Bhatpalliwar)

ကျားသစ်ကိုက်ချိန်မှာ ဘုန်းတော်ကြီးနဲ့အတူ အခြား နောက်လိုက်နှစ်ဦးလည်း တရားအားထုတ်နေခဲ့ပြီး ၎င်းတို့ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ ထို့နောက် ဘုန်းတော်ကြီးကို လိုက်လံရှာဖွေခဲ့ကြရာ ကျားသစ်ကိုက်ဖဲ့ထားတဲ့ ဒဏ်ရာတွေနဲ့အတူ တောအုပ်အတွင်းမှာ တွေ့ရှိခဲရပါတယ်။

ကျားသစ်က ဘုန်းတော်ကြီးကို ကိုက်ခဲထားပြီး ဆွဲသွားရန်ကြိုးပမ်းခဲ့ပုံရတယ်လို့ ရဲအရာရှိ Krisna Tiwari က AFP ကို ပြောပါတယ်။ ယခုဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ တောအုပ်ဟာ မဟာရက်ရှ်ထရာပြည်နယ် မွမ်ဘိုင်းမြို့တော် အနောက်ဘက် ၅၁၂ မိုင်အကွာမှာရှိပါတယ်။ လတ်တလော သီတင်းပတ်များအတွင်းမှာလည်း အဆိုပါတောအုပ်နေရာမှာ အလားတူ တိုက်ခိုက်ခံရမှုတွေ လေးကြိမ်ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။


(Photo: Tadoba National Park)

ကျားသစ်ကိုက်ခံရပြီး ပျံလွန်တော်မူခဲ့တဲ့ ဘုန်းတော်ကြီးရဲ့ မိသားစုကို အိန္ဒိယရူပီးငွေ ၁.၂ သန်း (အမေရိကန်ဒေါ်လာ ၁၆,၇၆၂) ပေးအပ်သွားမယ်လို့ ပြည်နယ်အစိုးရက ပြောထားပါတယ်။ တာဘိုဒါ ဘေးမဲ့တောအတွင်း ခန့်မှန်းခြေအားဖြင့် ကျားကောင်ရေ ၈၈ ကောင်ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ တောအတွင်းမှာ ကျားများအပြင် ကျားသစ်များ၊ ဝက်ဝံများ၊ တောခွေးရိုင်းများနဲ့ ခွေတူဝက်တူ တိရစ္ဆာန်များလည်း နေထိုင်ကျက်စားလျက်ရှိပါတယ်။ တာဝန်ရှိသူတွေရဲ့ ခန့်မှန်းချက်အရ အိန္ဒိယမှာ ကျားသစ်ကောင်ရေ ၁၂,၀၀၀ နဲ့ ၁၄,၀၀၀ ကြားရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း ခန့်မှန်းခြေအားဖြင့် ကျားသစ် ၄၃၁ ကောင် သတ်ဖြတ်ခံခဲ့ရတယ်လို့ အစိုးရက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ သိရကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က