အိန္ဒိယအာဏာပိုင်တွေက မွမ်ဘိုင်းလေဆိပ်မှာ လူ့သန္ဓေသားလောင်းတစ်ခုကို ခရီးဆောင်အိတ်အတွင်း ရှာဖွေတွေ့ရှိခဲ့ရပြီးနောက် သန္ဓေသားလောင်း မှောင်ခိုဂိုဏ်းတစ်ခု ဖြစ်နိုင်ခြေအပေါ် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။
(သန္ဓေသားလောင်းမပြုလုပ်မီ သုတ်ပိုးကို စစ်ဆေးမှု) (Photo: BBC)
မတ်လ ၁၆ ရက်နေ့က ဖြစ်တည်စအဆင့် သန္ဓေသားလောင်း ထည့်သွင်းထားတဲ့ ဆလင်ဒါပုံဘူးကို ၎င်းရဲ့ ခရီးဆောင်အိတ်အတွင်း သိုဝှက်သယ်ဆောင်လာသူ Partiban Durai အမည်ရှိ မလေးရှားနိုင်ငံသားကို လေဆိပ်မှာ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက စစ်ဆေးမေးမြန်းရာ အဆိုပါ မလေးရှားအမျိုးသားက ယခုကဲ့သို့ အိန္ဒိယနိုင်ငံအတွင်း သန္ဓေသားလောင်း သယ်ဆောင်လာမှုဟာ ပထမဆုံးအကြိမ် မဟုတ်ဘူးလို့ ထွက်ဆိုခဲ့ကြောင်းသိရပါတယ်။
ထိုအမျိုးသားရဲ့ ထွက်ဆိုချက်တွေအရ အာဏာပိုင်တွေ မွမ်ဘိုင်းမြို့ရှိ ဈေးကြီးတဲ့ ဖန်ပြွန်သန္ဓေသား (In Vitro Fertilization - IVF) ဝန်ဆောင်မှု ဆေးခန်းတစ်ခုကို ဆက်လက် စစ်ဆေးခဲ့ပါတယ်။ သို့သော် အဆိုပါ ဆေးခန်းကတော့ ယခုကိစ္စမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အပြင်းအထန် ငြင်းဆိုခဲ့ပြီး အကွက်ဆင်ချောက်ချမှု ဖြစ်တယ်လို့ ပြောပါတယ်။
(ဒေါက်တာဂိုရယ်လ်ဂန္ဒီ) (Photo: Times of India)
လေဆိပ်မှာ ဖမ်ဆီးခဲ့တဲ့ မလေးရှားအမျိုးသားကို စစ်ဆေးမေးမြန်းခဲ့ရာမှာ သန္ဓေသားလောင်းကို အဆိုပါ ဆေးခန်းသို့ ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ အမှုကိစ္စကို စုံစမ်းစစ်ဆေးနေတဲ့ Directorate of Revenue Intelligence (DRI) မှ Rebecca Gonsalves က မွမ်ဘိုင်းတရားရုံးချုပ်ကို တနင်္လာနေ့ (မတ်လ ၁၈ ရက်) မှာ ပြောကြားခဲ့ပါတယ်။ မလေးရှားအမျိုးသား ပြီးခဲ့တဲ့ ၁၈ လအတွင်း မွမ်ဘိုင်းမြို့ရှိ အဆိုပါ ဆေးခန်းကို အလားတူ သန္ဓေသားလောင်း ပို့ဆောင်ပေးမှု ၁၀ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။
Times of India သတင်းမှာ ဖော်ပြထားမှုအရ မလေးရှားအမျိုးသား ထွက်ဆိုမှုနဲ့ကိုက်ညီတဲ့ မက်ဆေ့ချ်ကိုလည်း ၎င်းရဲ့ဖုန်းထဲမှာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ မက်ဆေ့ချ်အရ သန္ဓေသားလောင်း ပို့ပေးရမယ့်နေရာဟာ IVF ဆေးခန်းလိပ်စာပင် ဖြစ်တယ်လို့ဆိုပါတယ်။
(လူ့သန္ဓေသားလောင်း) (Photo: SPL)
အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတဲ့ IVF ဆေးခန်းကို ဖွင့်လှစ်ထားသူ ဒေါက်တာဂိုရယ်လ်ဂန္ဒီကတော့ မက်ဆေ့ချ်ကိစ္စဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဆေးခန်းပိုင်ရှင်ရဲ့ရှေ့နေ Sujoy Kantawalla က ၎င်းရဲ့အမှုသည်ဟာ သူမရဲ့လုပ်ငန်းအတွက် သန္ဓေသားလောင်းကို တင်သွင်းခဲ့တာမျိုး မလုပ်ဆောင်ခဲ့ဘူးလို့ တရားရုံးတော်သို့ လျှောက်လဲပြောကြားခဲ့ပါတယ်။
ဒေါက်တာဂိုရယ်လ်ဂန္ဒီရဲ့ ပြိုင်ဘက်တွေအပါအဝင် လူတစ်စုက လျှို့ဝှက်ပူးပေါင်းကြံစည်မှု ဖြစ်တယ်လို့လည်း ရှေ့နေ Sujoy Kantawalla က ပြောခဲ့ကြောင်း Indian Express သတင်းမှာ ဖော်ပြပါတယ်။ ယခုအမှုကိစ္စနဲ့ ပတ်သက်ပြီး ဒေါက်တာဂိုရယ်လ်ဂန္ဒီကို မေးမြန်းရန်အတွက် သောကြောနေ့ (မတ်လ ၂၂ ရက်) မှာ တရားရုံးသို့ဆင့်ခေါ်ထားကြောင်းလည်း သိရပါတယ်။
(သန္ဓေသားလောင်းကို အေးခဲပြီး သိမ်းဆည်းထားမှု) (Photo: Indian Express)
လတ်တလော နှစ်များအတွင်း အိန္ဒိယမှာ IVF နည်းဖြင့် ကလေးရယူခြင်းကို စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။ IVF နည်းမှာ မမျိုးဥနဲ့ သုတ်ပိုးတို့ကို ဓာတ်ခွဲခန်းမှာ ပေါင်းစည်းသန္ဓေအောင်စေပြီးနောက် သားအိမ်အတွင်း ထည့်သွင်းပေးတာဖြစ်ပါတယ်။ သန္ဓေသားလောင်းတွေကို အေးခဲထားပြီး နှစ်နဲ့ချီ ထိန်းသိမ်းထားနိုင်ပါတယ်။
အိန္ဒိယမှာ ဆေးပညာဆိုင်ရာသုတေသနကောင်စီ (Indian Council of Medical Research) ရဲ့ ခွင့်ပြုချက်မရှိဘဲ သန္ဓေသားလောင်းကို နိုင်ငံအတွင်းသို့ တင်သွင်းမှုဟာ တရားမဝင်ဘဲ ဥပဒေအရ ပြစ်မှုမြောက်ကြောင်း သိရပါတယ်။