ကိုလ်ကတ္တားမြို့မှာ ရန်ပွဲများဖြစ်ပွားခဲ့ပါတယ်။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အိန္ဒိယရွေးကောက်ပွဲ နောက်ဆုံးအဆင့် မဲပေးရက်မတိုင်မီ အဓိက မြို့ကြီးတစ်မြို့ဖြစ်တဲ့ ကိုလ်ကတ္တားမြို့မှာ ဝန်ကြီးချုပ်မိုဒီကို ထောက်ခံသူတွေနဲ့ သဘောထားတင်းမာတဲ့ အတိုက်အခံ ခေါင်းဆောင်တစ်ဦးကို ထောက်ခံသူများကြား ရန်ပွဲများဖြစ်ပွားခဲ့ကြပါတယ်။

(ရန်ပွဲအတွင်း မီးရှို့ဖျက်ဆီးထားမှုတစ်ခု) (Photo: urdupoint)

မေ ၁၅ ရက်နေ့က ကိုလ်ကတ္တားမြို့ လမ်းမပေါ်မှာ နှစ်ဖက်အုပ်စုများ အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီးနောက် လူ ၁၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။ ယမန်နေ့က အိန္ဒိယအနောက်ပိုင်း အနောက်ဘင်ဂေါပြည်နယ် မြို့တော်ကိုလ်ကတ္တားမှာ ပြုလုပ်ခဲ့တဲ့ အာဏာရ BJP (BHaratiya Janata Party) ပါတီ မဲဆွယ်စည်းရုံးမှုအတွင်း ရန်ပွဲများဖြစ်ပွားခဲ့မှုကြောင့် ပါတီဥက္ကဋ္ဌ Amit Shah ကို လက်နက်ကိုင်တပ်ဖွဲ့ အစောင့်အရှောက်ဖြင့် ခေါ်ထုတ်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။



(BJP ခေါင်းဆောင်များနဲ့ ထောက်ခံသူများ ဆူပူမှုတွေကို ကန့်ကွက်ဆန္ဒပြစဉ်) (Photo: Reuters)

ထိုသို့ ပြိုင်ဘက်ပါတီ ထောက်ခံသူများကြား ရန်ပွဲများ ဖြစ်ပွားလာခဲ့ပြီးနောက် အိန္ဒိယရွေးကောက်ပွဲကော်မရှင်က အနောက်ဘင်ဂေါပြည်နယ်မှာ မဲဆွယ်စည်းရုံးမှုတွေကို ကြာသပတေးနေ့ (မေ ၁၆ ရက်) ဒေသစံတော်ချိန် ည ၁၀ နာရီအထိသာ နောက်ဆုံးထား ဆောင်ရွက်ကြရန် ညွန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

ယခင်က သတ်မှတ်ထားခဲ့တဲ့ မဲဆွယ်စည်းရုံးမှု နောက်ဆုံးရက်ထက် တစ်ရက်ပိုစောသွားခဲ့တာလည်း ဖြစ်ပါတယ်။ ယမန်နေ့က အနောက်ဘင်ဂေါပြည်နယ် ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ကျော်ကြားသူဖြစ်တဲ့ Ishwar Chandra Vidyasagar အမည်ပေးထားတဲ့ ကောလိပ်ကျောင်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့စဉ် အဆိုပါပုဂ္ဂိုလ်ရဲ့ ကိုယ်တစ်ပိုင်းပြတ်ရုပ်တု ကျိုးပဲ့ပျက်စီးခဲ့ပါတယ်။

(အိန္ဒိယဝန်ကြီးချုပ်မိုဒီ) (Photo: AFP)

ထိုဖြစ်ရပ်နဲ့ပတ်သက်ပြီး BJP ပါတီနဲ့ ပြိုင်ဘက် TMC (Trinamool Congress) ပါတီတို့က တစ်ဖက်နဲ့တစ်ဖက် ဒေါသတကြီး အပြန်အလှန် အပြစ်တင်ခဲ့ကြရာမှ ရန်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ Vidyasagar ကောလိပ်မှ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေက ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် မေ ၁၅ ရက်နေ့က တစ်ရက်ကြာ ဆန္ဒပြခဲ့ကြတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။ 

အိန္ဒိယရွေးကောက်ပွဲ မဲပေးမှုတွေကို နိုင်ငံတစ်ဝှမ်း မဲဆန္ဒနယ်များအလိုက် အဆင့် ၇ ဆင့်ဖြင့် ဧပြီ ၁၁ ရက်မှ မေ ၁၉ ရက် (လာမယ့် တနင်္ဂနွေနေ့) အတွင်း ပြုလုပ်နေကြပါတယ်။ အိန္ဒိယရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ်မြေ စုစုပေါင်းဟာ ၅၄၃ ခုရှိပြီး မဲပေးမှုတွေကို ဧပြီလအတွင်း ၁၁၊ ၁၈၊ ၂၃၊ ၂၉ ရက်များနဲ့ မေလအတွင်း ၆၊ ၁၂၊ ၁၉ ရက်များမှာ မဲဆန္ဒနယ်မြေအလိုက် မဲပေးကြတာဖြစ်ပါတယ်။

(အိန္ဒိယရွေေးကောက်ပွဲ မဲပေးမှုမြင်ကွင်းတစ်ခု) (Photo: Rajesh Kumar Singh)

အန္ဒိယ အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ သန်း ၉၀၀ ရှိပြီး မဲပေးရက် ခုနစ်ရက်ဖြင့် မဲပေးကြရတဲ့ ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲအဖြစ်လည်း မြင်တွေ့ကြရပါတယ်။ နိုင်ငံတစ်ဝှမ်း မဲရုံပေါင်းတစ်သန်း စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။ အိန္ဒိယရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာ ၅၄၃ နေရာကို မဲပေးရွေးချယ်ကြပြီး ပါတီ သို့မဟုတ် ညွန့်ပေါင်းအုပ်စုတစ်ခုက အစိုးရဖွဲ့စည်းနိုင်ရန် အနည်းဆုံး လွှတ်တော်အမတ် ၂၇၂ ဦး လိုအပ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က