အိန္ဒိယတောင်ပိုင်း တမီလ်နာဒူပြည်နယ်မှာ လက်ထပ်ပြီးစ အမျိုးသမီးတစ်ဦးနဲ့ သူမရဲ့ မိသားစုဝင်သုံးဦးဟာ ဆယ်လ်ဖီရိုက်ရန် ကြိုးပမ်းခဲ့ပြီးနောက် ရေလှောင်တံမံအတွင်း ရေနစ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
(Photo: News Meter)
လူခြောက်ဦးအုပ်စုက Pambar ရေလှောင်တံမံအနီး ခါးလယ်လောက်အထိနက်တဲ့ ရေထဲမှာ လက်ချင်းတွဲကာ ဆယ်လ်ဖီရိုက်စဉ် ၎င်းတို့ထဲမှတစ်ဦးက ခြေချော်သွားခဲ့ရာ အခြားသူတွေပါ ဆွဲခေါ်သွားမိလျက်သား ဖြစ်ခဲ့ပါတယ်။ အဆိုပါ အုပ်စုမှာပါဝင်တဲ့ လက်ထပ်ပြီးစ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက ၎င်းရဲ့ညီမကို ကယ်တင်နိုင်ခဲ့ပေမဲ့ အခြားလူတွေကိုတော့ မကယ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ထို့နောက် ၎င်းတို့သုံးဦးက ဆယ်ကျော်သက်အရွယ် အခြား ညီအစ်ကိုမောင်နှမ သုံးဦးနဲ့အတူ ရေလှောင်တံမံအနီး ရေထဲသို့ဆင်းကာ လက်ချင်းတွဲပြီး ဆယ်လ်ဖီရိုက်ခဲ့ကြပါတယ်။ ထိုသို့ ဆယ်လ်ဖီရိုက်နေစဉ် အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးက ခြေချော်သွားခဲ့ပြီး ၎င်းရဲ့ အသက် ၁၈ နှစ်နဲ့ ၁၉ နှစ်အရွယ် အမနှစ်ဦး၊ လက်ထပ်ပြီးစ အမျိုးသမီးနဲ့ သတို့သားရဲ့ညီမတို့ကိုပါ ဆွဲခေါ်သွားမိလျက်သား ဖြစ်ခဲ့ပါတယ်။
သတို့သားက ၎င်းရဲ့ညီမကိုတော့ ရေထဲကနေ လှမ်းဆွဲပြီး ကယ်တင်နိုင်ခဲ့ပေမဲ့ အခြားလေးဦးကတော့ ရေအောက်ထဲမှာ နစ်မြုပ်ပျောက်ဆုံးသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရေနစ်သေဆုံးခဲ့သူ လေးဦးရဲ့အလောင်းတွေကို ရှာဖွေဆယ်ယူနိုင်ခဲ့ပြီး အလောင်းခွဲစိတ်စစ်ဆေးမှု လုပ်ဆောင်သွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
(Photo: News Meter)
အိန္ဒိယမှာ ဆယ်လ်ဖီရိုက်စဉ် သေဆုံးမှုအရေအတွက်ဟာ ကမ္ဘာမှာ အများဆုံးအဖြစ်လည်း စံချိန်တင်ထားပါတယ်။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ကြား ကမ္ဘာတစ်ဝှမ်း ဆယ်လ်ဖီရိုက်စဉ် သေဆုံးမှု ၂၅၉ မှုအနက် ထက်ဝက်ခန့်ဟာ အိန္ဒိယမှာဖြစ်ကြောင်း အမေရိကန် National Library of Medicine က ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှတ်တမ်းအရ သိရှိရပါတယ်။ အိန္ဒိယရဲ့နောက်မှာတော့ ရုရှား၊ အမေရိကန်နဲ့ ပါကစ္စတန်တို့က ဆယ်လ်ဖီရိုက်စဉ် မတော်တဆမှုဖြစ်ပြီး လူသေဆုံးမှုအများဆုံး နိုင်ငံတွေအဖြစ် ရပ်တည်နေပါတယ်။
ယခုနှစ် မေလအတင်းကလည်း Haryana ပြည်နယ်မှာ ရထားလမ်းပေါ် ဆယ်လ်ဖီရိုက်ခဲ့ကြတဲ့ ဆယ်ကျော်သက်သုံးဦးဟာ ရထားလာနေတာကိုတွေ့ပြီး ကပ်လျက်ရထားလမ်းပေါ်သို့ ခုန်ထွက်ခဲ့ကြရာ အခြားတစ်ဖက်မှ ခုတ်မောင်းလာတဲ့ ရထားတစ်စီးနဲ့တိုက်မိပြီး သေဆုံးခဲ့ပါတယ်။
၂၀၁၇ ခုနှစ်က Karnataka ပြည်နယ်မှ ဆယ်လ်ဖီရိုက်ရင်း ကျောင်းသူကျောင်းသားလေးဦး သေဆုံးခဲ့ပြီးနောက် ဆယ်လ်ဖီရိုက်မှုနဲ့ပတ်သက်ပြီး သတိပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ထိုနှစ်အတွင်းမှာပင် ဆင်တစ်ကောင်နဲ့အတူ ဆယ်လ်ဖီရိုက်တဲ့ Odisha ပြည်နယ်မှ အမျိုးသားတစ်ဦးဟာ ဆင်က နှာမောင်းဖြင့်ရစ်ပတ်ကာ နင်းသတ်မှုကြောင့် သေဆုံးခဲ့ဖူးကြောင်း သိရပါတယ်။ အွန်လိုင်းအသုံးပြုသူတွေ အနေနဲ့ ဆိုရှယ်မီဒီယာမှာ ၎င်းတို့ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ အထင်ကြီး သဘောကျစေရေး မလိုအပ်တဲ့ စွန့်စားမှုမပြုကြရန် သတိပေးထားပါတယ်။