မနေ့ညက ကစားခဲ့တဲ့ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးဂိုးသမား ကီပါဟာ အချိန်ပိုဒုတိယပိုင်းနောက်ဆုံးမိနစ်မှာ လူစားလဲလှယ်ဖို့အတွက် နည်းပြဆာရီက ပြုလုပ်ခဲ့တဲ့အပေါ်မှာ ငြင်းဆိုသွားခဲ့ပါတယ်။ ဆာရီက ကီပါကို အရန်ဂိုးသမား ကာဘယ်လာရိုနဲ့ လူစားလဲလှယ်ဖို့ြ ပုလုပ်ခဲ့တာ ဖြစ်ပေမယ့် ကီပါက သူ့အနေနဲ့ ဆက်ကစားနိုင်သေးတဲ့ အနေအထားမှာ ရှိတယ်လို့ ပြောဆိုခဲ့ပြီး လူစားလဲပေးဖို့ ငြင်းဆိုခဲ့တာပါ။
ကီပါရဲ့ ငြင်းဆိုမှုအပေါ်မှာ ချယ်လ်ဆီးနည်းပြဆာရီက တော်တော်လေးဒေါသထွက်ခဲ့ပြီး နည်းပြရဲ့ ညွှန်ပြမှုကို မလိုက်နာတဲ့ အရန်ဂိုးသမား ကာဘယ်လာရိုကိုလည်း ဆာရီက ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့တာကို ရုပ်သံပြကွက်တွေအရ မြင်တွေ့ခဲ့ရပါတယ်။ ပယ်နယ်တီအဆုံးအဖြတ် ခံယူရတော့မယ့်အချိန်မှာ ဂိုးသမားလဲလှယ်ဖိုု့ စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲအပြီးမှာ ဆာရီက ကီပါကို ဒဏ်ရာရရှိနေတယ်လို့ ယူဆခဲ့တာဖြစ်လို့ လူစားလဲလှယ်ဖို့ ပြုလုပ်ခဲ့တာဖြစ်ပြီး နားလည်မှု လွဲမှားခဲ့တာဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။ ဆာရီကတော့ တော်တော်လေးကို အမျက်ဒေါသထွက်ခဲ့တာဖြစ်ပြီး ကွင်းအတွင်းက ထွက်ခွာသွားခဲ့ပြီးကာမှ အသင်းအပေါ် စိတ်မချနိုင်ဖြစ်ခဲ့ရလို့ နည်းပြခုံတန်းကို ပြန်လည်ရောက်ရှိလာခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ပယ်နယ်တီအဆုံးအဖြတ်မှာတော့ မန်စီးတီးက ချယ်လ်ဆိးကို ၄-၃ နဲ့ အနိုင်ရရှိသွားခဲ့ပြီး ကီပါက ပယ်နယ်တီသွင်းဂိုးတစ်ဂိုး ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲအပြီးမှာ ကီပါက ရုပ်သံကင်မရာတွေဘက်လှည့်ခဲ့ပြီးနောက် မျက်စိတစ်ဖက်မှိတ်ပြခဲ့တာကိုလည်း တွေ့မြင်ခဲ့ရလို့ ကီပါအနေနဲ့ ဆာရီရဲ့ ဆုံးဖြတ်ချက်အပေါ် တမင် ကလန်ကဆန် လုပ်ခဲ့တာလားလို့ ထင်စရာ ဖြစ်ခဲ့ရကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။
ဖိအားတွေနဲ့ ရုန်းကန်နေခဲ့ရတဲ့ နည်းပြဆာရီအတွက်လည်း ကစားသမားတွေရဲ့ ပေါ်ပေါ်တင်တင်ဆန့်ကျင်မှုကို အားလုံးအရှေ့မှာ ခံခဲ့ရလို့ အရှက်တကွဲဖြစ်စရာ ကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။ အသင်းတွင်းကစားသမားတွေကို နိုင်နင်းအောင် မကိုင်တွယ်နိုင်ဘူးဆိုတဲ့ အမြင်ကိုလည်း ဖြစ်လာစေခဲ့ပြီး အသင်းကလည်း ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရလို့ ဆာရီအတွက် ဖိအားတွေကတော့ များသထက်များလာခဲ့ပြီ ဖြစ်ပါတယ်။