ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ပွဲမှာ ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဆန်းချက်ဇ်ဟာ အနည်းဆုံး တစ်လခွဲခန့် အနားယူရတော့မှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဟာ အနည်းဆုံး (၆)ပတ်ကနေ (၈)ပတ်အထိ အနားယူရမယ့် အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ ချီလီလက်ရွေးစင်အသင်းရဲ့ ဆေးဆရာဝန်က ပြောကြားသွားခဲ့ပါတယ်။ ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ပွဲမှာ ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဆန်းချက်ဇ်ဟာ အနည်းဆုံး တစ်လခွဲခန့် အနားယူရတော့မှာ ဖြစ်ပါတယ်။
ချီလီသတင်းစာ El Mercurio ရဲ့ ဖော်ပြချက်အရ ဆန်းချက်ဇ်ဟာ ညာဘက်ဒူးအရွတ်ပျက်စီးသွားခဲ့ပြီး ဘောလုံးကစားခြင်းကနေ အတန်ကြာအနားယူရမယ်လို့ သိရပါတယ်။ ပွဲကစားချိန် ဒုတိယပိုင်းမှာ အဆိုပါဒဏ်ရာကို ရရှိခဲ့ပြီးနောက် ဆန်းချက်ဇ်ဟာ ဒါလော့နဲ့ လူစားလဲလှယ်ခံခဲ့ရပြီး ပီအက်စ်ဂျီနဲ့ပွဲကို လွဲချော်မယ့် ယူနိုက်တက်ရဲ့ ဒဏ်ရာရစာရင်းထဲမှာ ထပ်မံပူးပေါင်းသွားခဲ့ပါတယ်။
ဆန်းချက်ဇ်အနေနဲ့ အခုလိုအနားယူရမှာ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲနှစ်ပွဲဖြစ်တဲ့ ဟတ်ဒါဖီး၊ ကာဒစ်တို့နဲ့ပွဲမှသာ ပြန်လည်ကစားနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဒဏ်ရာအနေအထား တိုးတက်မှုမရှိခဲ့ပါက ရာသီကုန်အထိပါ အနားယူရဖွယ် ရှိနေပြီး ဆန်းချက်ဇ်ဟာ ဘရာဇီးလ်မှာ ကျင်းပမယ့် ကိုပါအမေရိကပြိုင်ပွဲကိုပါ လွဲချော်ရနိုင်တယ်လို့ Sky Sports က ရေးသားဖော်ပြခဲ့ပါတယ်။
အသက် (၃၀)အရွယ် ချီလီကစားသမားဟာ အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး ဆိုးလ်ရှားလက်ထက်မှာလည်း ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ဒီလိုရုန်းကန်နေရချိန်မှာ အခုလိုမျိုး ဒဏ်ရာပြသနာနဲ့ ရင်ဆိုင်ခဲ့ရလို့ ဆန်းချက်ဇ်အတွက် စိတ်ပျက်စရာ အနေအထားဖြစ်လာခဲ့ပြီး ဆိုးလ်ရှားအတွက်လည်း အသင်းမှာ လူရွေးချယ်စရာ ရှားပါးလာခဲ့ပါတယ်။
အရေးကြီးပွဲစဉ် ကစားရမယ့်အချိန်မှာ အဓိကကစားသမား (၇)ဦးခန့်အထိ ဒဏ်ရာပြသနာကြုံတွေ့နေရလို့ ယူနိုက်တက်ဟာ ပီအက်စ်ဂျီနဲ့ပွဲကို အင်ပြည့်အားပြည့်ကစားနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် မနက်ဖြန်မှာ ကစားရမယ့် ပွဲမှာ ယူနိုက်တက်ကို ကစားသမားအပြောင်းအလဲ
အများအပြားနဲ့ မြင်တွေ့ရဖွယ်ရှိနေပြီး ပြင်သစ်မြေမှာ ခက်ခက်ခဲခဲ ရုန်းကန်ရဖွယ်လည်း ရှိလာခဲ့ပါတယ်။