ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ သူ့ရဲ့အသင်းသားတွေကို ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ လက်ရှိအချိ်န်မှာ ၁၄ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်တင်ထားတာဖြစ်ပြီး ရာသီကုန်အထိ ရှုံးပွဲမရှိအောင် ကစားပေးဖို့ ဆိုးလ်ရှားက သူ့ရဲ့အသင်းသားတွေကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်၊ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်ဖလားတို့အတွက် ယှဉ်ပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ် နဲ့ ယူရိုပါလိဂ်မှာ ကွာတားဖို်င်နယ်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဆိုးလ်ရှားက "ယူနိုက်တက်အနေနဲ့ ဘယ်လိုအသင်းကိုမဆို အနိုင်ရနိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ ကစားသင့်ပါတယ်၊ ရှုံးပွဲမရှိဘဲ ရာသီကုန်ထိသွားနိုင်မလားဆိုတာကို တိုတိုဖြေရရင် သွားနိုင်တယ်လို့ ပြောရပါမယ်၊ ဒါပေမယ့် ရှည်ရှည်ဝေးဝေးပြောရမယ်ဆိုရင်တော့ အဲဒါထက် အများကြီးပိုပါတယ်၊ မတူညီတဲ့အသင်းတွေနဲ့ ကစားရနိုင်ပါတယ်၊ ဒါပေမယ့်လည်း ဒီမှတ်တမ်းကို တတ်နိုင်သလောက်ရရှိအောင် လုပ်သွားမှာပါ"
"၂ ရက် ဒါမှမဟုတ် ၃ ရက်မှာ တစ်ပွဲနှုန်းနဲ့ ကစားနေရပြီး ကျွန်တော်တို့အတွက် ကစားသမားအင်အားလိုပါတယ်၊ ကစားသမားတိုင်းလည်း ကစားရဖို့လိုအပ်ပြီး အခုချိန်မှာ အဲဒီလိုမျိုးဖြစ်နေတဲ့အတွက် ကျေနပ်မိပါတယ်" လို့ ဆိုးလ်ရှားက ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့မှာတော့ ဘရိုက်တန်နဲ့ ကစားသွားရဖို့ရှိနေပြီး အဆင့်လေးနေရာက ချယ်လ်ဆီးနဲ့ ငါးမှတ်ကွာဟနေမှုကို လျှော့ချနိုင်ဖို့ ကြိုးစားရမှာလည်းဖြစ်ပါတယ်။