ယွန်းယွန်းကတော့ အဓိကသရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီး ပြန်ရိုက်တော့မယ့်အကြောင်း ပြောပြလာပါတယ်။
သရုပ်ဆောင်ယွန်းယွန်းကတော့ မကြာခင်မှာ ရုပ်ရှင်ကားကြီးရိုက်ကူးတော့မယ်လို့ သိရပါတယ်။ သူမကို လာရောက်ကမ်းလှမ်းထားတဲ့ ဇာတ်ကောင်တွေထဲကမှ သဘောကျတဲ့ကာရိုက်တာကို ရွေးချယ်ရိုက်ကူး တော့မယ်လို့ Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
“အခုချိန်မှာ ကျောင်းလည်းတက်တယ်၊ ဖိတ်ထားတဲ့ ပွဲလေးတွေလည်း တက်ဖြစ်နေတယ်။ မတ်လ ထဲမှာရုပ်ရှင်ကားကြီးရိုက်ဖို့ရှိတယ်။ ရုပ်ရှင်နဲ့ပတ်သက်ပြီး ညီမနဲ့လိုက်ဖက်မယ့် ကာရိုက်တာမျိုး၊ ပရိသတ်ကြည့်ရတာလည်း အပြောင်းအလဲဖြစ်မယ့် ကာရိုက်တာမျိုးကို ညီမ ကြိုးစားပြီးတော့ သရုပ်ဆောင်ချင်တယ်။ အခုလာကမ်းလှမ်းတဲ့ ကာရိုက်တာတွေကလည်း ပရိသတ်အတွက် တစ်ခုခုခံစားရမယ့် အရာမျိုး၊ ကိုယ့်အတွက်လည်း လိုက်ဖက်မယ်ထင်တဲ့ ကာရိုက်တာ တစ်ခုကို ရွေးချယ်ထားတယ်။ ပရိသတ်ရင်ထဲရောက်အောင် ကြိုးစားသွားပါ့မယ်” လို့ သူကဆိုပါတယ်။
Photo: Yoon Yoon
ယွန်းယွန်းဟာ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားရမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ သူမအတွက် ပထမဆုံးအကြိမ်ရိုက်ကူးမယ့်ရုပ်ရှင်ကား ကြီးဖြစ်တာကြောင့်လည်း စိတ်လှုပ်ရှားနေမိတယ်လို့ ဆိုပါတယ်။
“အခုက ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကိုယ်က အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ရမှာဖြစ်တဲ့အတွက် ယွန်းရဲ့ တာဝန်က ပိုကြီးမယ်။ အရင်တုန်းကတော့ ဇာတ်ကားရဲ့ ကလေးသရုပ်ဆောင်အဖြစ် တစ်စိတ်တစ်ပိုင်းပဲပါခဲ့တယ်။ ကိုယ့်နေရာလေး တာဝန်ကျေရင် ရပြီပေါ့။ အခုချိန်မှာ ရုပ်ရှင်ကားကြီးမှာ ကိုယ်ရိုက်ရမယ့်အပိုင်းက တာဝန်ကြီးတယ်။ ယွန်းကို စောင့်ကြည့်နေမယ့် ပရိသတ်တွေလည်း စိတ်ထဲမှာ ဘဝင်ကျပြီး ကျေနပ်ဖို့အတွက် ကြိုးစားမယ်။ သေချာ စေတနာထားပြီးကြိုးစားရင် အရာထင်မယ်လို့တော့ မျှော်လင့်မိပါတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က Angle Phoo ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Ko Phone
ယွန်းယွန်းဟာ “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားကြီးကို ကလေးသရုပ်ဆောင်အဖြစ် နောက်ဆုံးရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ သူမဟာ ပညာရေးကို ဦးစားပေးနေတဲ့အချိန်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာဝေးကွာခဲ့ရတယ်လို့ဆိုပါတယ်။
“ ရုပ်ရှင်ကားကြီးမရိုက်ဖြစ်တာလည်းကြာပြီ။ “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကလေးသရုပ်ဆောင်အဖြစ် နောက်ဆုံးရိုက်ပြီးကတည်းက တခြားရုပ်ရှင်ကားကြီးတွေ မရိုက်ဖြစ်ခဲ့ဘူး။ ၁၀ တန်းတုန်းကလည်း အနုပညာအလုပ်တွေ နားခဲ့တယ်။ အဲဒါပြီးတော့ ၁၆ နှစ်အရွယ်မှာ “မနေ့ကဖြစ်သည်” ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာ ဆယ်ကျော်သက်ကောင်မလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သေးတယ်။ လူကြီးသရုပ်ဆောင်အနေနဲ့ ပြန်ရိုက်မယ်ဆိုရင်တော့ အခုရိုက်မယ့် ဇာတ်ကားက ပထမဆုံးပဲပေါ့” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: MeiMeiLay
ယွန်းယွန်းဟာ ဗီဒီယို ဇာတ်ကားပေါင်း (၃၀၀)ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား(၃၀)ကျော် ရိုက်ကူးထားနိုင်သူ ကလေး သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆု(အထူးဆု)ကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူးနှစ်ခုနဲ့ အောင်မြင်ခဲ့ပါတယ်။ သူမဟာ သရုပ်ဆောင်အလုပ်သာမက ပညာရေးမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ ယွန်းယွန်းက ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ် စိတ်ပညာဌာနရဲ့ ပထမနှစ်သင်တန်းမှာ ပညာရည်ချွန် ဒုတိယဆုရရှိခဲ့ပါတယ်။
Share