အခု မနက်ပိုင်း ကစားခဲ့တဲ့ အီကွေဒေါနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မက်ဆီက အာဂျင်တီးနားအတွက် တလုံးတည်းသောအနိုင်ဂိုးကို ဖရီးကစ်ကနေ သွင်းယူသွားခဲ့တာပါ။ တပွဲလုံး ဂိုးမရဖြစ်နေတဲ့ အာဂျင်တီးနားတို့ သရေကျမယ့်အရေးနဲ့ ရင်ဆိုင်နေရချိန်မှာ မက်ဆီက ထုံးစံအတိုင်း သူ့ရဲ့ နာမည်ကျော်ဖရီးကစ်ကန်သွင်းမှုနဲ့အတူ အာဂျင်တီးနားကို အနိုင်ရစေခဲ့ပါတယ်။
အီကွေဒေါက တော်တော်လေးကောင်းတဲ့ ခံကန်အားကို ပြခဲ့ပြီး အာဂျင်တီးနားကို အခွင့်အရေးလုံး၀မပေးရအောင်ကို ကစားသွားနိုင်ပါတယ်။ ဒါပေမယ့် ပင်နယ်တီဧရိယာထိပ်မှာ အလွတ်တည်ကန်ဘော ကန်ခွင့်ပြုလိုက်တာက ကံဆိုးတာပါပဲ။ ထုံးစံအတိုင်း မက်ဆီကန်သွင်းမယ်ဆိုရင် ဂိုးဝင်ဖို့က တော်တော်လေးသေချာသလောက်ရှိခဲ့ပြီး ထင်မှတ်ခဲ့သလိုပဲ ဂိုးခဲ့ပါတယ်။
မက်ဆီရဲ့ ကန်ချက်ကို အီကွေဒေါဂိုးသမား ဘာမှတောင် တုံ့ပြန်နိုင်တာမျိုးမရှိခဲ့ပါဘူး။ ဂိုးထဲဝင်သွားခဲ့ပြီး အာဂျင်တီးနား အဖိုးတန်အနိုင်ဂိုးရသွားခဲ့ပါတယ်။ မက်ဆီကတော့ အင်တာမိုင်ယာမီမှာ ခြေစွမ်းပြနေသလို လက်ရွေးစင်အသင်းအတွက်လည်း ထပ်ခြေစွမ်းပြခဲ့တာပါ။
အာဂျင်တီးနားတို့ ခြေစစ်ပွဲအဖွင့်ပွဲမှာ ကစားရခက်တဲ့ အီကွေေဒေါကို အနိုင်ရခဲ့တာမို့ ကျေနပ်စရာပါပဲ။ လာမယ့်ပွဲအဖြစ် အာဂျင်တီးနားဟာ ဘိုလီဗီးယားကွင်းမှာ သွားကစားရမှာဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့မှာ ကစားရမှာဖြစ်ပါတယ်။