ရော်နယ်ဒိုအနေနဲ့ အသင်းဖော်လူငယ်ကစားသမားအီလန်ဂါကို အကြီးအကျယ်တောင်းပန်မှုတွေပြုလုပ်သင့်တယ်လို့ ပေါလ်မာဆွန်က တိုက်တွန်းလိုက်ပါတယ်။ ဘရန်ဖို့ဒ်နဲ့ပွဲမှာ အီလန်ဂါက ယူနိက်တက်အတွက် အဖွင့်ဂိုးကို လှလှပပသွင်းယူပေးခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း ရော်နယ်ဒိုရဲ့ လူစားလဲခံရချိန် ပြုမူခဲ့တဲ့ အပြုအမူကသာ သတင်းခေါင်းကြီးပိုင်းဖြစ်လာခဲ့ပါတယ်။
ပေါလ်မာဆွန်ကတော့ ရော်နယ်ဒိုက အီလန်ဂါရဲ့ ယူနိုက်တက်အတွက် ကြီးမားတဲ့စွမ်းဆောင်မှုကြောင့် ထင်ရှားရမယ့်အချိန်မှာ ရော်နယ်ဒိုရဲ့ သတင်းတွေက လုယူသွားခဲ့တယ်လို့ခံစားနေရပါတယ်။ ဒီအတွက်ကြောင့် အီလန်ဂါကို ပေါ်တူဂီတိုက်စစ်မှူးက အကြီးအကျယ်တောင်းပန်သင့်တယ်လို့ Daily Sstar မှာ ရေးသားပြောဆိုသွားခဲ့ပါတယ်။
"လူငယ်တဦးရဲ့ ကြီးကျယ်တဲ့နေ့ရက်တရက်ကို သူ့အပြုအမူက ဖျက်စီးခဲ့တာပါ၊ ပြီးတော့ ဒါက ကလေးဆန်လွန်းပါတယ်၊ သနားစရာကောင်လေးက အီလန်ဂါပါ၊ သူက ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ရခဲ့တာပါ၊ ပြီးတော့ ယူနိုက်တက်အတွက် ဂိုးလည်းသွင်းခဲ့ပါတယ်၊ အဲဒီနောက်မှာ သူ လူစားလဲခံရပြီး ဒါကို သူက အံ့ဩနေပါတယ်၊ ကျနော်ကတော့ ကျနော့်ဇနီးကို "ကြည့်လိုက်ဦး၊ ဒီကလေးဂိုးသွင်းမယ်ဆိုတာ မင်း သိမှာတောင်မဟုတ်ဘူး" လို့တောင် ပြောမိခဲ့တယ်"
" ခုတော့ အီလန်ဂါက သတင်းခေါင်းစည်းတွေနဲ့ ဝေးရာမှာရှိနေခဲ့တာ မယုံနိုင်စရာပါပဲ၊ သူ့အတွက် ဖြစ်မလာခဲ့ဘူး၊ ရော်နယ်ဒိုကစားတာကိုကြည့်ဖို့ ကျနော့်သားကို ပွဲဆီ ခေါ်သွားတယ်၊ သူက ထာ၀ရအကောင်းဆုံးကစားသမားတွေထဲက တဦးပါ၊ ဒါပေမယ့် အီလန်ဂါက ရော်နယ်ဒိုရဲ့ လောင်းရိပ်အောက်ကို ရောက်နေခဲ့ပါတယ်" လို့ ပေါလ်မာဆွန်က ရေးသားပြောဆိုခဲ့ပါတယ်။