Tesla နဲ့ SpaceX ကုမ္ပဏီကြီးတွေ မထောင်ခင် သင်ကြားရေးအကူလုပ်ခဲ့စဉ်က အီလွန်မတ်စ်ရဲ့ အမှတ်ပေးအဖြေလွှာတစ်စောင်ကို ဒေါ်လာထောင်နဲ့ချီ လေလံတင်ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။
၁၉၉၅ ခုနှစ်က ပင်န်ဆီဗေးနီးယားတက္ကသိုလ် Wharton စီးပွားရေးကျောင်းမှာ အီလွန်မတ်စ်ဟာ သင်ကြားရေးအကူတစ်ယောက်ဖြစ်ခဲ့ပြီး Wharton စီးပွားရေးကျောင်း စာမေးပွဲတွေကြီးကြပ်တာ ၊ အဖြေလွှာစစ်ပေးတာတွေ လုပ်ခဲ့ပါတယ်။ Business Insider သတင်းအရ Wharton စီးပွားရေးကျောင်းသားဟောင်းတစ်ယောက်ဟာ မတ်စ် အမှတ်စစ်ထားတဲ့ ကောလိပ် Assignments တွေကနေ ဒေါ်လာထောင်ပေါင်းများစွာ ငွေပြန်ရှာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Photo: hca barbieri
လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်လောက်က မတ်စ်လည်း ပင်န်ဆီဗေးနီးယားတက္ကသိုလ်မှာ ကျောင်းသားတစ်ယောက်အဖြစ် ဘောဂဗေဒနဲ့ ရူပဗေဒကို လေ့လာနေခဲ့တာပါ။ တချိန်တည်းမှာပဲ သူဟာ ကွယ်လွန်သူ ပါမောက္ခမိုင်းလက်စ်ဘေ့စ်အတန်းမှာ လက်ထောက်ဆရာအဖြစ် သင်ကြားရေးပိုင်းမှာ ကူညီခဲ့တယ်လို့လည်း ဆိုပါတယ်။ Tesla သူဌေးဖြစ်လာမယ့် အီလွန်မတ်စ် လက်ထောက်ဆရာအဖြစ် ကိုင်တွယ်ခဲ့တဲ့အတန်းဟာ "စွန့်ဦးတီထွင်မှု: အကောင်အထည်ဖော်မှုနဲ့ လုပ်ငန်းဆောင်ရွက်ခြင်းများ" ဆိုတဲ့ အတန်းဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
Photo: hca barbieri
အီလွန်မတ်စ်ရဲ့ မှတ်ချက်ပါ စာစစ်အဖြေလွှာဟာ ၇၇၅၃ ဒေါ်လာ (မြန်မာငွေ သိန်း ၁၄၀ ခန့်)အထိ ရခဲ့တယ်လို့ဆိုပါတယ်။ RR Auctions ဟာ တစ်ခါကတည်း SpaceX တည်ထောင်သူနဲ့ CEO အီလွန်မတ်စ်ရဲ့ လက်မှတ်ပါ ဓါတ်ပုံတစ်ပုံကို ၁၃၈၃ ဒေါ်လာနဲ့ လေလံတင်ရောင်းချခဲ့သလို ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဖြစ်တဲ့ စတိဗ်ဂျော့စ် ၊ အိုင်းစတိုင်းတို့ရဲ့ လက်ရေးမူတွေနဲ့ အမှတ်တရတွေကိုပါ လေလံတင်ခဲ့တဲ့ လေလံရုံလည်း ဖြစ်ပါတယ်။