ပြိုင်ဘက်ကို ချီးကျူးလိုက်တဲ့ အီလွန်မတ်စ်ရဲ့ Tweets တွေကြောင့် ထရမ့်ရဲ့လူမှုကွန်ရက်ကုမ္ပဏီရှယ်ယာတန်ဖိုး ထိုးတက်သွားခဲ့တယ်လို့ ဆိုပါတယ်။
Twitter ရဲ့ ပြိုင်ဘက်လူမှုကွန်ရက်ကုမ္ပဏီ Truth Social အကြောင်း အီလွန်မတ်စ် Tweet တင်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ သမ္မတဟောင်းဒေါ်နယ်ထရမ့် ရဲ့ လူမှုကွန်ရက်ကုမ္ပဏီ Digital World Acquisition ကုမ္ပဏီ ရှယ်ယာဟာ ၂၃% အထိ မြင့်တက်ခဲ့တယ်လို့ Business Insider သတင်းက ဖော်ပြပါတယ်။
"Truth Social ဟာ လက်ရှိ Apple Store ပေါ်မှာမှာ Twitter နဲ့ TikTok တို့ကို ကျော်တက်နေတယ်" ဆိုပြီး မတ်စ်က App Store ပေါ်က ဒေါင်းလုပ်ဆွဲမှုအမြင့်ဆုံး App တွေအကြောင်း Screenshot တစ်ခုနဲ့ တွဲပြီး Tweet တင်ခဲ့ပါတယ်။
Digital World Acquisition ဟာ Truth Social App အတွက် ထရမ့်ရဲ့ ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းထားတဲ့ ရင်းနှီးမြှပ်နှံရေးကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် အုပ်ချုပ်ကြီးကြပ်တဲ့ Truth Social ဟာ Twitter နဲ့ ပုံစံတူပြိုင်ဘက်ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ Twitter ကို ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ အီလွန်မတ်စ် ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ဖို့ သဘောတူညီချက်ထွက်လာချိန်မှာ ထရမ့်ဟာ ပိတ်ခံထိထားတဲ့ Twitter အကောင့် ပြန်ဖွင့်ပေးရင်တောင် မသုံးတော့ဘူးဆိုပြီး ပြောကြားခဲ့ပါတယ်။
Twitter ပိုင်ရှင်သစ်ဖြစ်လာမယ့် မတ်စ်အနေနဲ့လည်း နောက်ပိုင်းမှာ ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ Truth Social ကို အာရုံစိုက်လာပုံပါပဲ။ Truth Social နဲ့ ပတ်သက်ပြီး ပြောတဲ့ Tweet ထဲမှာ မတ်စ်က "Truth Social (ဆိုးလိုက်တဲ့ နာမည်) ရှိနေတာက Twitter ပေါ်မှာ လွတ်လပ်စွာ ပြောဆိုခွင့် Free Speech ကို ဆင်ဆာဖြတ်နေလို့ပါ။ Trumpet လို့ ခေါ်သင့်တယ်။" လို့ ပြောထားပါတယ်။
မတ်စ်ဟာ Twitter ရဲ့ ဆင်ဆာဖြတ်တဲ့ ကိစ္စပေါ် ဝေဖန်ခဲ့သူ ဖြစ်ပြီး အခုလို ကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလျံအထိ ပေးဝယ်ရာမှာလည်း Twitter နဲ့ စီးပွားရေးလုပ်ဖို့ထက် Free Speech အတွက် ပလက်ဖောင်းဘက်ကို သွားဖို့ ပိုအားသန်နေတာ ဖြစ်ပါတယ်။