ဈေးကွက်တန်ဖိုး ဒေါ်လာ ၂ သန်းနီးပါး ရှိပါတယ်

Cryptocurrency လောကမှာ အီလွန်မတ်စ်ရဲ့ စကားတစ်ခွန်းဟာ တန်ဖိုးကြီးပါတယ်။ ဒီတစ်ခါမှာတော့ သူနာမည်ပြောင်းတာကြောင့် အခုမှ Crypto ဈေးကွက်ထဲ ဝင်လာတဲ့ token သစ်တစ်မျိုးဟာ ၈၂၅% အထိ တန်ဖိုးထိုးတက်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီတစ်ပတ် တနင်္လာနေ့မှာ အီလွန်မတ်စ်ဟာ သူ့ရဲ့ Twitter နာမည်ကို Lorde Edge လို့ ပြောင်းခဲ့ပြီးနောက် Twitter သုံးစွဲသူတွေအကြား ဒီနာမည်ပြောင်းတဲ့အပေါ် ပဟေဠိတစ်ခုလို အတွေးပွားစရာဖြစ်လာခဲ့ပါတယ်။ Twitter မှာ Follower ၆၃ နီးပါး ရှိထားတဲ့ အီလွန်မတ်စ် အကောင့်နာမည်ပြောင်းတဲ့အပေါ် ဆွေးနွေးငြင်းခုံကြသူတွေ ရှိသလို တစ်ဖက်မှာလည်း အမြတ်ထွက်သွားတဲ့လူတွေ ရှိလာခဲ့ပါတယ်။ 




Photo: indiatoday

Crypto market မှာ အသစ်ရောက်လာတဲ့ Cryptocurrency တစ်မျိုးဟာ အီလွန်မတ်စ်ရဲ့ Twitter နာမည်ကို ယူသုံးပြီး Lorde Edge coin (EDGELON) နာမည်နဲ့ ထွက်လာခဲ့ပါတယ်။ အီလွန်မတ်စ်နဲ့ Lorde Edge token အကြား ဆက်စပ်မှုမရှိပေမယ့် ဒီ token ဟာ လူကြိုက်များတဲ့စွန့်ဦးတီထွင်သူ အီလွန်မတ်စ်အတွက် ရည်စူးတဲ့ fan token ဖြစ်တယ်လို့ ဆိုပါတယ်။ 

"Dogefather နဲ့ Crypto CEO အီလွန်မတ်စ်ကို ဂုဏ်ပြုတဲ့ ပထမဆုံး token မျိုး ဖြစ်တယ်"လို့လည်း Edgelon ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဒီ coin ရဲ့ logo ဟာ Shibu Inu coin ရဲ့ လိုဂိုမှာ ဆံပင်အစိမ်းနဲ့ ပွတ်ချွန်းဆေးလိပ်သောက်နေတဲ့ပုံ သုံးထားတာပါ။ token တက်လာပြီး ၂၄ နာရီမှာ Edgelon ကိုင်ဆောင်သူ ၁၀၀၀ အထိ ရှိလာတယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

CoinMarketCap ရဲ့ အချက်အလက်အရ Lorde Edge Coin ဈေးကွက်ထဲ ဝင်ပြီးနောက် အဖွင့်ဈေး ၀.၀၀၀၀၀၃၁၉၂ ဒေါ်လာ ရှိရာကနေ အချိန်တိုအတွင်း ၀.၀၀၀၀၂၉၅၄ ဒေါ်လာနှုန်းအထိ ၈၂၅% ကျော် ထိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ Lorde Edge Coin ဟာ ၀.၀၀၀၀၁၃၂၉ ဒေါ်လာအထိ တန်ဖိုးကျသွားခဲ့ပါတယ်။ ဈေးကွက်တန်ဖိုးအရ Lorde Edge ဟာ ဒေါ်လာ ၁.၈၇ သန်းရှိတယ်လို့ လည်း CoinMarketCap က ဖော်ပြထားပါတယ်။ 

Lorde Edge တန်ဖိုး ရုတ်တရပ် ထိုးတက်လာတယ်ဆိုပေမယ့် Cryptocurrency လောကမှာ Scam လို့ခေါ်တဲ့ အလိမ်အညာပွဲရှာတဲ့ ဖြစ်ရပ်တွေ ခဏခဏကြုံနေတာကြောင့် သတိထားရင်းနှီးမြှပ်နှံဖို့ လိုမယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးကြပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းကပဲ နာမည်ကျော် ကိုရီးယားရုပ်ရှင်စီးရီး Squid Game နာမည်နဲ့ ထွက်လာတဲ့ Crypto Token တစ်ခုဟာ အဆပေါင်း ၇၅ ဆ အထိ ဈေးထိုးတက်ပြီးနောက် လုပ်ငန်းဖျက်သိမ်းကာ ခြေရာဖျောက်သွားခဲ့တဲ့အဖြစ် လည်း ရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က