အီလွန်မတ်စ်နဲ့ ဘီဇော့စ်နှစ်ဦးပေါင်း ဒေါ်လာ ၁၂၀ ဘီလျံကျော် ဆုံးရှုံးထားတာပါ

Tesla CEO အီလွန်မတ်စ်နဲ့ Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်အပါအဝင် ကမ္ဘာ့အချမ်းသာဆုံးသူဌေး ၁၀ ဦးဟာ ဒီနှစ် နှစ်တစ်ဝက်အတွင်းမှာ ပိုင်ဆိုင်မှုထဲက ဒေါ်လာ ၂၅၀ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ 

Bloomberg Billionaires' Index အရ အမေရိကန်စတော့ခ်ဈေးကွက် ကျဆင်းမှုကြောင့် အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ ကြွယ်ဝချမ်းသာမှုတွေပါ လျော့ကျလာခဲ့တယ်လို့ သိရပါတယ်။ ဒီသူဌေးကြီးတွေ တည်ထောင်ထားတဲ့ ကုမ္ပဏီအစုရှယ်ယာဟာ သူတို့ချမ်းသာမှုရဲ့ အဓိကအစိတ်အပိုင်းကြီးဖြစ်ပြီး ရှယ်ယာဈေးတွေ ကျကုန်တာက ကြွယ်ဝချမ်းသာမှုကို ထိခိုက်လာစေတာပါ။ 





S&P 500 စတော့ခ်ဈေးကွက်အညွှန်းဟာ တန်ဖိုးရဲ့ ၅ ပုံ ၁ ပုံကျော် ဆုံးရှုံးမှုနဲ့အတူ စတော့ဈေးကွက်တွေဟာ ၁၉၇၀ ကစပြီး ၂၀၂၂ ခုနှစ် နှစ်ဝက်မှာ အဆိုးဆုံးအခြေအနေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ အီလွန်မတ်စ် ၊ Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ် ၊ Amazon သူဌေး ဘီဇော့စ် ၊ ဘားနက်ဒ် အားနော့တ် (Louis Vuitton ပိုင်ရှင် LVMH အမှုဆောင်အရာရှိချုပ်) တို့လည်း စတော့ခ်ဈေးကွက်အလဲလဲ အပြိုပြိုကာလမှာ ကြွယ်ဝချမ်းသာမှုတွေ ထိခိုက်လာနေတာပါ။ 

ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ် ၁၀ ဦးရဲ့ ဆုံးရှုံးမှုဟာ ဒေါ်လာ ဘီလျံ ၂၅၀ ရှိပြီး ဒါဟာ အမေရိကန်စီးပွားရေးရဲ့ ၁.၂% ခန့် ရှိပါတယ်။ အဆိုးဆုံးအခြေအနေနဲ့ ကြုံတွေ့နေရသူ နှစ်ဦးကတော့ အီလွန်မတ်စ်နဲ့ ဂျက်ဖ်ဘီဇော့စ်တို့ ဖြစ်ပြီး သူတို့နှစ်ဦးပေါင်းရဲ့ ဆုံးရှုံးမှုဟာ ၆ လအတွင်း ဘီလျံ ၁၂၀ ရှိတယ်လို့ ဆိုပါတယ်။ စီးပွားရေးမရေရာမှု နဲ့ Twitter ကို ဝယ်ဖို့ အီလွန်မတ်စ်ရဲ့ ကြိုးပမ်းမှုတွေကြောင့် Tesla ရှယ်ယာဈေးဟာ ဒီနှစ်ထဲမှာ ၄၃% အထိ ထိုးကျခဲ့ပါတယ်။ 

Amazon ရှယ်ယာဈေးဟာလည်း ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကဆို ၃၅% ကျော် ထိုးကျခဲ့ပြီ ဖြစ်ပါတယ်။ အမေရိကန်တွေ စီးပွားရေးထိုးကျနေချိန်မှာ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ဦး စာရင်းဝင် အိန္ဒိယသားနှစ်ဦး ဖြစ်တဲ့ ဂေါသမ် အဒါနီ နဲ့ မူးကတ်ချ် အမ်ဘာနီတို့ဟာ ဒီနှစ်ထဲ အသားတင်ပိုင်ဆိုင်မှုအနေနဲ့ ဒေါ်လာ ၂၂.၁ ဘီလျံနဲ့ ဒေါ်လာ ၃.၀၅ ဘီလျံ ထပ်ပြီး ပိုင်ဆိုင်လာခဲ့တယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က