ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးနဲ့ ဩဇာအကြီးဆုံး Social Media ပလက်ဖောင်းတို့ရဲ့ နှစ်ဖက်ရှေ့နေတိုက်ပွဲကြီး စတင်တော့မှာပါ

Twitter ကို မဝယ်တော့ဘူးလို့ အီလွန်မတ်စ်ဘက်က ကြေညာလိုက်သလို Twitter ဘက်ကလည်း အီလွန်မတ်စ်ကို တရားစွဲဖို့ ရှေ့နေအဖွဲ့ ရွေးလိုက်ပြီ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ သောကြာနေ့မှာ ကမ္ဘာကျော် သူဌေးကြီး အီလွန်မတ်စ်ဟာ Twitter ကို ‌ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်မယ့်ကိစ္စကို ပယ်ဖျက်လိုက်ပြီလို့ ပြောကြားခဲ့ပြီးနောက် Twitter ကုမ္ပဏီဟာ မတ်စ်ကို အရောင်းအဝယ်ဖျက်မှုနဲ့ တရားစွဲတော့မယ်လို့ တုံ့ပြန်လိုက်တာပါ။ မတ်စ်ဘက်က အရောင်းအဝယ်ကိစ္စ ဖျက်သိမ်းလိုက်ပြီးနောက် Twitter ဥက္ကဌ ဘရက် တေလာက အရောင်းအဝယ်ကို သဘောတူထားတဲ့အတိုင်း ပြီးပြတ်ဖို့ ဥပဒေကြောင်းအရ လျှောက်လှမ်းမယ်လို့ Twitter ပေါ်မှာ ပြောကြားခဲ့ပါတယ်။ 





အီလွန်မတ်စ်ကို တရားစွဲဖို့အတွက်လည်း Twitter ဘက်က တကယ့် ထိပ်တန်း ဥပဒေအကျိုးဆောင်လုပ်ငန်းကိုမှ ငှားရမ်းလိုက်တာပါ။ Twitter ငှားလိုက်တဲ့ ကုမ္ပဏီဟာ ၁၉၆၅ ခုနှစ်ကတည်းက တည်ထောင်ထားတဲ့ နယူးယော့ခ်အခြေစိုက် Wachtell , Lipton , Rosen & Katz ဥပဒေလုပ်ငန်း ဖြစ်ပြီး ရှေ့နေတစ်ဦးချင်းအလိုက် အမြတ်အစွန်း နဲ့ လုပ်ငန်းအသားတင်အမြတ်ပေါ် ဝေစုအလိုက် ရတဲ့ အကျိုးအမြတ်အရ ကမ္ဘာပေါ်မှာ အမြတ်အစွန်းအများဆုံး ဥပဒေလုပ်ငန်းလို့ ဆိုပါတယ်။ 

ထူးခြားတာက ဒီဥပဒေလုပ်ငန်းကို တည်ထောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ မာတင် လစ်ပ်တန်ဟာ တစ်ဦးတည်း ကုမ္ပဏီရှယ်ယာလက်ဝါးကြီး အုပ်မှုကို ကာကွယ်ထားတဲ့ poison pill လို့ခေါ်တဲ့ ရှယ်ယာရှင်အခွင့်အရေးအစီအစဉ်ကို ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။ Twitter ကိုယ်တိုင်ကလည်း အစောပိုင်းက ကုမ္ပဏီကို ဝယ်ဖို့ ချဉ်းကပ်လာတဲ့ အီလွန်မတ်စ်ရဲ့ လုပ်ငန်းဝယ်ယူရေး ကြိုးပမ်းချက်ကို ဟန့်တားဖို့ Poison Pill ကို သုံးခဲ့တာ ရှိပါတယ်။ 

အရောင်းအဝယ် ပျက်သွားပြီဖြစ်ကြောင်း မတ်စ်ရဲ့ ရှေ့နေဆီက စာရခဲ့ပြီးနောက် Twitter ဟာ အီလွန်မတ်စ်ကို ဒီလာဝဲလ်တရားရုံးမှာ တရားစွဲဖို့ ပြင်နေပါတယ်။ ဥပဒေရေးရာအတွက်လည်း အဓိကရှေ့နေနှစ်ဦးကို ငှားခဲ့ပါတယ်။ တစ်ဦးက ကုမ္ပဏီရှယ်ယာအများအပြားပိုင်ထားပြီး အစုရှယ်ယာဩဇာသုံးကာ ဖိအားပေးနေတဲ့ ရှယ်ယာရှင်တွေနဲ့ အမှုမှာ Antehm နဲ့ Sotheby's တို့လို ကုမ္ပဏီကြီးတွေကို ကိုယ်စားပြုပြီး ချေပပေးခဲ့တဲ့ ဝီလျံ ဆာဗစ် ဖြစ်ပြီး နောက်တစ်ဦးက ဒီလာဝဲလ် ပြည်နယ်တရားရုံးတွေမှာ တရားသူကြီးတစ်ဦးအဖြစ် နှစ်ပေါင်း ၂၀ ကြာ အတွေ့အကြုံရှိသလို Delaware Chancery Court ရဲ့ တရားသူကြီးချုပ်ဟောင်းလည်း ဖြစ်တဲ့ လီယို စထရင်းဖြစ်တယ်လို့ ဆိုပါတယ်။ 

Twitter ဘက်က ကမ္ဘာ့ထိပ်တန်း ရှေ့နေအဖွဲ့ ငှားထားသလို ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ်ဘက်ကလည်း သူ့လက်စွဲ ရှေ့နေအကျိုးဆောင်အဖွဲ့ဖြစ်တဲ့ Quinn Emanuel Urquhart & Sullivan ကို ငှားရမ်းထားတယ်လို့ ပြောပါတယ်။ Quinn Emanuel Urquhart & Sullivan အဖွဲ့ဟာ အရင်က Apple နဲ့ Samsung တို့ ရင်ဆိုင်ခဲ့ကြတဲ့ Galaxy ဖုန်းတွေက iPhone ကို Copycat လုပ်ပြီး ထုတ်ထားတယ်ဆိုတဲ့ Apple ရဲ့ စွဲဆိုချက်တွေမှာ Samsung ဘက်က ခုခံပေးခဲ့တဲ့ အဖွဲ့ ဖြစ်သလို အီလွန်မတ်စ်နဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း Tham Luang ဂူအတွင်း ပိတ်မိခဲ့တဲ့ ကလေးတွေကို ကယ်ဆယ်ခဲ့တဲ့ ရေငုပ်သမားနဲ့ ဖြစ်ခဲ့တဲ့ အသရေဖျက်မှုမှာလည်း မတ်စ်ဘက်က ခုခံလျှောက်လှဲပေးခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ 


Quinn Emanuel Urquhart & Sullivan ဥပဒေအကျိုးဆောင်အဖွဲ့ဟာ Tesla ကို ပုဂ္ဂလိကပိုင် ပြောင်းမယ့်အကြောင်း အီလွန်မတ်စ်ရေးတဲ့ Tweet ကို SEC (ငွေကြေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်) ဘက်က စတော့ခ်ရှယ်ယာလိမ်ညာမှုနဲ့ တရားစွဲတဲ့ကိစ္စမှာလည်း တာဝန်ခံလျှောက်လှဲဖြေရှင်းပေးခဲ့ပါတယ်။ ဒီတစ်ခါ ရင်ဆိုင်ရမယ့် Twitter နဲ့ အမှုကတော့ ပိုလို့ ခက်ခဲကြမ်းတမ်းမယ့် ဥပဒေရေးရာ ခရီးရှည်တစ်ခု ဖြစ်လာနိုင်ပါတယ်။ 

Share

Loading Next Article...
က္က