SpaceX ကုမ္ပဏီဟာ အီလွန်မတ်စ်ကို ဝေဖန်တဲ့ အိတ်ဖွင့်ပေးစာရေးရာမှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်ခဲ့တယ်လို့ ဆိုပါတယ်။
အနည်းဆုံး ဝန်ထမ်း ၅ ဦးကို အီလွန်မတ်စ်ကို ဝေဖန်တဲ့ စာကို ကုမ္ပဏီအတွင်း ဖြန့်ဝေမှုနဲ့ SpaceX က အလုပ်ဖြုတ်လိုက်တာ ဖြစ်တယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတစ်ဦးက CNBC ကို သတင်းပေးခဲ့ပါတယ်။
ကုမ္ပဏီအတွင်း ပေးပို့တဲ့ SpaceX ဥက္ကဌ နဲ့ COO ဂွင်းန် ရှော့တ်ဝဲလ်ရဲ့ အီးမေးလ်ထဲမှာ "SpaceX ဟာ ဒီကိစ္စမှာ (အီလွန်မတ်စ်ကို ဝေဖန်ကန့်ကွက်စာဝေတဲ့ကိစ္စ) ပါဝင်တဲ့ ဝန်ထမ်းတွေကို အလုပ်က ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ၊ မတောင်းဆိုဘဲ ထပ်တလဲလဲ ပို့နေတဲ့ အီးမေးလ်တွေနဲ့ ကုမ္ပဏီအတွင်းက ထောင်နဲ့ချီတဲ့ လူတွေကို နှောင့်ယှက်တာကို လက်မခံနိုင်ကြောင်း" ပြောထားပါတယ်။ ဝန်ထမ်းတွေအနေနဲ့ SpaceX မစ်ရှင်တွေပေါ်ပဲ အာရုံစိုက်ဖို့နဲ့ ကိုယ့်အချိန်ကို အကောင်းဆုံးအလုပ်မှာ အသုံးချဖို့လည်း ရှော့တ်ဝဲလ်က တိုက်တွန်းထားပါတယ်။
ကုမ္ပဏီရဲ့ CEO ဖြစ်သူ အီလွန်မတ်စ်ကို ဝေဖန်တဲ့ အိတ်ဖွင့်ပေးစာဟာ ဒီတစ်ပတ်အစောပိုင်းက ပေါ်ထွက်လာတာပါ။ ကုမ္ပဏီအတွင်း Internal Chat ထဲမှာ ဒီအိတ်ဖွင့်ပေးစာကို တင်ခဲ့ကြသလို အချင်းချင်း မျှဝေမှုတွေလည်း လုပ်ခဲ့ကြပြီးတဲ့နောက် တစ်ရက်ခွဲခန့်အတွင်းမှာ SpaceX ဝန်ထမ်း ၄၀၀ ကျော်က အိတ်ဖွင့်ပေးစာမှာ လက်မှတ်ထိုးခဲ့တယ်လို့ The Verge သတင်းက ဖော်ပြပါတယ်။
ဒီစာကို Share ပြီး ၃၂ နာရီအကြာမှာ Internal Chat System ထဲကနေ ဖြုတ်ချခံခဲ့ရပြီး တချိန်တည်းမှာပဲ ဒီစာကို ရေးသားဖြန့်ဖြူးရာမှာ ပါဝင်သူ ဝန်ထမ်းတစ်ဖွဲ့လည်း အလုပ်သမားဥပဒေချိုးဖောက်မှုနဲ့ အလုပ်က ဖြုတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ စာထဲမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အီလွန်မတ်စ်ရဲ့ အပြုအမူနဲ့ လုပ်ရပ်တွေဟာ ကုမ္ပဏီအတွက် ရှက်စရာကောင်းပြီး အနှောင့်အယှက်လည်း ဖြစ်စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အိတ်ဖွင့်ဝေဖန်စာထဲမှာ ခရီးစဉ်တစ်ခုအတွင်း လေယာဉ်မယ်ကို အီလွန်မတ်စ်က လိင်စော်ကားမှုလုပ်ခဲ့ပြီး ဒေါ်လာ ၂ သိန်းခွဲနဲ့ ကြေအေးခဲ့တယ် ဆိုတဲ့ကိစ္စလည်း ပါခဲ့ပါတယ်။ အီလွန်မတ်စ်ကတော့ လေယာဉ်မယ်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေက လုံးဝမမှန်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။
အိတ်ဖွင့်ပေးစာထဲမှာ ဒီအကြောင်းအရာအပြင် Twitter ပေါ်က အီလွန်မတ်စ်ရဲ့ ရှက်ဖွယ်အပြုအမူတွေကို SpaceX အနေနဲ့ ရှုတ်ချဖို့ပါ တောင်းဆိုထားပါတယ်။ ကုမ္ပဏီအနေနဲ့ အီလွန်မတ်စ်ရဲ့ ပုဂ္ဂိုလ်ရေးအမှတ်တံဆိပ်ကနေ သီးသန့်ခွဲထွက်ဖို့လည်း စီမံခန့်ခွဲရေးပိုင်းကို SpaceX ဝန်ထမ်းတွေက တိုက်တွန်းထားပါတယ်။
အီလွန်မတ်စ်ကို ဝေဖန်စာပို့ခဲ့သူတွေက ကုမ္ပဏီထိပ်တန်းအကြီးအကဲတွေဟာ ဝန်ထမ်းတွေကို "စားစရာအရင်းအမြစ်တွေလို" ဆက်ဆံမှုလုပ်နေတယ်ဆိုပြီးပါ ဝေဖန်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းမှာ အီလွန်မတ်စ်ဟာ SpaceX နဲ့ Tesla ဝန်ထမ်းတွေကို အိမ်ကနေလုပ်တဲ့ Work From Home ကိစ္စခွင့်မပြုတော့ဘဲ အနည်းဆုံး တစ်ပတ် နာရီ ၄၀ ရုံးတက်ဖို့ နဲ့ ရုံးမတက်ချင်သူတွေ အလုပ်ထုတ်ခံရမယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။
ဒီလထဲမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ အီလွန်မတ်စ်ဟာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဒီထဲမှာ Dogecoin Cryptocurrency ကို ထောက်ပံ့ဖို့ ပိရမစ်ပုံစံအဆင့်ဆင့် လိမ်ညာမှု လုပ်ခဲ့တယ်ဆိုပြီး Dogecoin ရင်းနှီးမြှပ်နှံသူ ကိတ်သ် ဂျွန်ဆင်က အီလွန်မတ်စ်ဆီက ဒေါ်လာ ၂၅၈ ဘီလျံရလိုကြောင်း မက်ဟန်တန်ဖက်ဒရယ်တရားရုံးမှာ တရားစွဲထားပါတယ်။
Forbes ရဲ့ Real-Time ဘီလျံနာစာရင်းအရ အီလွန်မတ်စ်ရဲ့ လက်ရှိ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၂၁၂.၅ ဘီလျံ ရှိတယ်လို့လည်း ဆိုပါတယ်။
Share