မြင်းဝယ်ပေးမယ် လိင်စိတ်ကြွလာအောင် နှိပ်ပေးဆိုပြီး ပြောခဲ့တယ်လို့ ဆိုပါတယ်

ကုမ္ပဏီရဲ့ ကော်ပိုရိတ်ဂျက်လေယာဉ်နဲ့ ခရီးစဉ်တစ်ခုမှာ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ဟာ လေယာဉ်မယ်ကို လိင်ဆက်ဆံဖို့ သွားညှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကျေအေးဖို့ SpaceX ဟာ ဒေါ်လာ ၂ သိန်းခွဲ ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီသတင်းကို Insider က ဖော်ပြခဲ့တာ ဖြစ်ပြီး အမှုက ၂၀၁၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တာလို့လည်း ဆိုပါတယ်။ လန်ဒန်ကို သွားတဲ့ SpaceX လေယာဉ်ခရီးစဉ်ရဲ့ သီးသန့်ခန်းထဲမှာ သူမကို လိင်ဆက်ဆံဖို့ အီလွန်မတ်စ်က ခေါ်ပြီးညှိခဲ့တယ်လို့ နစ်နာသူလေယာဉ်မယ်က သူမရဲ့သူငယ်ချင်းကို ပြန်ပြောပြခဲ့ကြောင်း Insider က ဖော်ပြပါတယ်။ Insider ဟာ ထုတ်ပြန်ခြင်း မရှိတဲ့ စာရွက်စာတမ်း ၊ အီးမေးလ်တွေနဲ့ လေယာဉ်မယ်ရဲ့ သူငယ်ချင်းဖြစ်သူ လက်မှတ်ထိုးထားတဲ့ ဟုတ်မှန်ကြောင်းစာတစ်စောင်တို့ကို ကိုးကားထားပြီး နာမည်တော့ ထုတ်ဖော်ထားခြင်း မရှိပါဘူး။ 




မတ်စ်ဟာ လေယာဉ်မယ်ကို သူ့လိင်အင်္ဂါထုတ်ပြခဲ့ပြီး အမျိုးသမီးရဲ့ ပေါင်သားတွေကို ပွတ်သပ်ထိတွေ့ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ မတ်ဟာ သူ့ကို တစ်ကိုယ်လုံးနှိပ်ပေးရတဲ့ Full Body Massage လုပ်ပေးဖို့ လေယာဉ်မယ်ကို တောင်ဆိုခဲ့ပြီး သူမအနေနဲ့ သူ့ကို လိင်စိတ်တက်ကြွလာအောင် လုပ်ပေးမယ်ဆိုရင် မြင်းတစ်ကောင်ဝယ်ပေးမယ်လို့လည်း ပြောခဲ့တယ်လို့ Insider သတင်းက ဆိုပါတယ်။ 

သူမအနေနဲ့ မတ်စ်ရဲ့ တောင်းဆိုချက်ကို ငြင်းခဲ့တာကြောင့် အလုပ်ချိန်တွေ လျှော့ချခံခဲ့ရကြောင်း သူမသူငယ်ချင်းကို ပြန်ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။ ၂၀၁၈ ခုနှစ်မှာ လေယာဉ်မယ်ဟာ SpaceX လူ့စွမ်းအားအရင်းအမြစ်ဌာနကို တိုင်ချက်ဖွင့်ခဲ့ပေမယ့် နှစ်ဖက်တွေ့ဆုံဖြေရှင်းပေးတာမျိုး မလုပ်ဘဲ အမှုကျေအေးဖို့ ၊ မတ်စ်နဲ့ သူ့စီးပွားရေးအကြောင်း သတင်းမပေါက်ကြားဖို့အတွက် သူမကို ဒေါ်လာ ၂ သိန်းခွဲပေးပြီး နှုတ်ပိတ်ခဲ့တယ်လို့လည်း Insider သတင်းက ဖော်ပြပါတယ်။

ဒီသတင်းကို မတ်စ်က နိုင်ငံရေးအရ လုပ်ကြံထိုးနှက်တဲ့ သတင်းအဖြစ် ပယ်ချခဲ့ပြီး ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး ပြောစရာအများကြီး ရှိတယ်လို့လည်း Insider ကို ပြောပါတယ်။ "ကျွန်တော်သာ လိင်ပိုင်းဆိုင်ရာ မတော်မတရားစော်ကားမှု လုပ်ဖို့ စိတ်ပါခဲ့မယ်ဆိုရင် နှစ်ပေါင်း ၃၀ အလုပ်လုပ်လာတဲ့ သက်တမ်းတစ်လျှောက်လုံး အခုမှ ပေါ်လာတဲ့ ပထမဆုံးအကြိမ်တော့ ဖြစ်ဖို့ မရှိဘူး။" လို့လည်း မတ်စ်က ဆိုပါတယ်။ 


မတ်စ်ဟာ အရင်က လိင်စော်ကားမှုလုပ်ကြောင်း လူသိရှင်ကြား စွပ်စွဲခံရတာမျိုး မရှိပေမယ့် SpaceX အလုပ်သင်ဝန်ထမ်းဟောင်း အမျိုးသမီး ၄ ဦးက ကုမ္ပဏီမှာ လိင်ပိုင်းစော်ကားမှုနဲ့ ကြုံခဲ့ကြောင်း စွပ်စွဲခဲ့တာမျိုးတော့ ရှိပါတယ်။ အီလွန်မတ်စ် CEO အဖြစ် ဦးဆောင်နေတဲ့ Tesla ကုမ္ပဏီကိုလည်း အမျိုးသမီး ၆ ဦးက တခြားဝန်ထမ်းတွေရဲ့ လိင်စော်ကားမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခဲ့ပါတယ်။ 

မတ်စ်ဟာ Tesla နဲ့ SpaceX ကုမ္ပဏီနှစ်ခုလုံးရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး ဒေါ်လာ ၂၁၈ ဘီလျံခန့် ချမ်းသာတယ်လို့ Forbes က ခန့်မှန်းထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က