ဥပဒေကြမ်းမှာ အိမ်အကူတစ်ယောက်ဟာ အသက် ၁၈ နှစ်ပြည့်မှသာ အိမ်အကူလုပ်ကိုင်ခွင့်ပြုဖို့ ထည့်သွင်းရေးဆွဲထားပါတယ်။

အိမ်အကူလုပ်သားတွေ နဲ့ အိမ်ရှင် အကြားဖြစ်ပွားနေတဲ့ မတရားမှုတွေ ၊ ပြဿနာ တွေကို ထိရောက်စွာဖြေရှင်းနိုင်မယ့် အိမ်အကူလုပ်သားဥပဒေကြမ်းကို ရေးဆွဲပြီးစီးပြီဖြစ်သဖြင့် မကြာခင် လွှတ်တော်မှာ တင်ပြသွားမယ်လို့ သိရပါတယ်။

အဆိုပါအိမ်အကူလုပ်သားဆိုင်ရာ ဥပဒေကြမ်းမှာ အိမ်အကူတစ်ယောက်ဟာ အသက် ၁၈ နှစ်ပြည့်မှသာ အိမ်အကူလုပ်ကိုင်ခွင့်ပြုဖို့ ထည့်သွင်းရေးဆွဲထားတယ်လို့ အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြမ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမား ဆိုင်ရာ ကော်မတီမှ ဥက္ကဌ ဦးကျော်ထွေးက ဇွန်လ ၂၃ ရက်မှာ ပြောပါတယ်။

"ဒီဥပဒေအတည်ပြုပြဋ္ဌာန်းပြီး ဥပဒေသက်တမ်း ၅ နှစ် ပြည့်ပြီးသွားတာနဲ့ အသက် ၁၈ နှစ်အောက်ဟာ အိမ်အကူလုပ်ကိုင်ခွင့်မရှိတော့ပါဘူး။ဒါက ကျနော်တို့ လက်ရှိရေးဆွဲထားတဲ့ ဥပဒေကြမ်းအရပြောတာပါ။ အိမ်အကူတွေအတွက် ဘယ်လိုကာကွယ်မှုတွေရမလဲဆိုရင်တော့ ဒီဥပဒေမှာက အိမ်အကူတွေကြောင့် အိမ်ရှင်တွေ ဒုက္ခရောက်တာ၊ အိမ်ရှင်တွေကြောင့် အိမ်အကူတွေဒုက္ခရောက်တာတွေ ၊အိမ်အကူဝန်ဆောင်မှု လုပ်သူတွေ အတွက်လည်း အချက်အလက်တွေပါတယ်။"လို့ ၎င်းက ပြောပါတယ်။

အိမ်အကူလုပ်သားဥပဒေကြမ်းကို ကော်မတီက သက်ဆိုင်ရာ နယ်ပယ်က အဖွဲ့အစည်းတွေ ၊ ပညာရှင်တွေ စသဖြင့် အကုန်လုံးနဲ့ ဆွေးနွေးပြီး ရေးဆွဲထားတာဖြစ်ကြောင်း ၊ သို့သော်လည်း လိုအပ်မှုတွေရှိနိုင်သဖြင့် ထပ်မံဖြည့်စွက်စရာတွေရှိပါက ထပ်မံဖြည့်သွင်းရေးဆွဲသွားမှာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ အိမ်အကူ ဥပဒေကြမ်းမှာ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်နစ်နာမှုတွေအတွက် ထောင်ဒဏ်၊ ငွေဒဏ် နှစ်မျိုးလုံးကို ထည့်သွင်းရေးဆွဲထားပြီး အိမ်အကူ ဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင်တွေကိုလည်း လိုက်နာ ရမယ့် သတ်မှတ်ချက်၊ တားဆီးမှု၊ အိမ်ရှင်နဲ့ အိမ်အကူလုပ်သားတို့ရဲ့ သတ်မှတ်ချက်တွေ၊ တားဆီး ချက်တွေ စတာတွေကို ထည့်သွင်းရေးဆွဲထားတာဖြစ်တယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသည့်သတင်း ဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က