သူတို့ဖြတ်သန်းခဲ့တဲ့ အိမ်ထောင်ရေးအကြောင်းတွေ ပြောပြလာပါတယ်။

ခင်လှိုင်နဲ့ ဇနီးဖြစ်သူတို့ရဲ့ အိမ်ထောင်ရေးကို ခက်ခက်ခဲခဲ ဆင်းဆင်းရဲရဲ နဲ့ စတင်တည်ထောင်ခဲ့ရတယ်လို့ဆိုပါတယ်။ ဇနီးဖြစ်သူရဲ့ စုဆောင်းတတ်မှုတွေလည်း အဓိက ကျတယ်လို့ ပြောပါတယ်။

Photo: Khin Hlaing



ဟာသသရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ခင်လှိုင်က လက်ရှိပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးအကြောင်းကို ပြောပြလာပါတယ်။ အိမ်ထောင်ရေးမှာ ဇနီးမောင်နှံ နှစ်ယောက် တာဝန်ယူရတဲ့အပိုင်းတွေက အရေးကြီးတယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။

‘’  ဦးခင်လှိုင်က အိမ်ထောင်ဦးစီးမို့လို့ ကိုယ်ရှာတဲ့ ပိုက်ဆံကို ကိုယ်သုံးပြီးတော့ သူပြောတာတွေ နားမထောင်ဘူးဆိုရင် ဒီပိုက်ဆံတွေ စုမိနိုင်စရာ အကြောင်းမရှိဘူးလေ။ အိမ်ထောင်ရေးတစ်ခုမှာ ယောကျ်ားက အင်အားကြီးတယ်။ ငွေရှာတာလည်း အိမ်ထောင်ဦးစီးပဲ၊ အိမ်ထောင်တစ်ခုရဲ့ တာဝန်ကိုထမ်းဆောင်ထားရတာလည်း အိမ်ထောင်ဦးစီးပဲ ဒါက အရင်ခေတ်တုန်းကပါ။ အခုခေတ်ကျတော့ မိန်းကလေးတွေလည်း ငွေရှာလာကြပြီ။ အိမ်ထောင်တစ်ခုကို တတ်နိုင်တဲ့ ဘက်က ထမ်းဆောင်နေကြပါပြီ’’ လို့ ဆိုပါတယ်။

ခင်လှိုင်ဟာ ဇနီးဖြစ်သူနဲ့ အိမ်ထောင်စပြုတဲ့အချိန်မှာ အခက်အခဲတွေလည်း အများကြီးရှိသလို ဆင်းဆင်းရဲရဲ နေခဲ့ရတယ်လို့ဆိုပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ ပထမဦးဆုံး စုဆောင်းမိတဲ့ အရာကတော့ စတီးလ်ပန်းကန်ပြားလေး ၂ ချပ်ပါပဲတဲ့။ အဲဒီနောက်မှာတော့ သူလည်း အလုပ်တွေကြိုးစားသလို ဇနီးဖြစ်သူကလည်း စုဆောင်းတတ်လို့ အခုလို အခြေအနေကို ရရှိခဲ့တယ်လို့လည်း သူကပြောပါတယ်။

‘’ ဦးခင်လှိုင်က ကြိုးစားပြီးရှာတယ်၊ သူက ကြိုးစားပြီး စုဆောင်းတယ်။ ငယ်ငယ်တုန်းကဆိုရင် မြို့ထဲက တရုတ်ဆိုင်တွေမှာ ၂၀၀၀ တန် ရွှေလက်စွပ်တစ်ကွင်းဝယ်လိုက်၊ ၃၀၀၀ တန် တစ်ကွင်းဝယ်လိုက်နဲ့ အများကြီးဝတ်တာ။ အဲဒါလေးတွေကို စုထားပြီးတော့ အကြီးတစ်ခုလုပ်လိုက် အဲဒီလိုတွေ စုရင်းနဲ့ကမှ ကားဝယ်နိုင်တယ်၊ အိမ်ဝယ်နိုင်တယ်ပေါ့။ အခုချိန်ထိလည်း စုနေတုန်းပါပဲ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Khin Hlaing

တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်လို့ အိမ်ထောင်ပြုခဲ့ကြတာဟာ ကြောက်နေစရာမလိုဘူးလို့ ဆိုပါတယ်။ တိုင်တိုင်ပင်ပင်နဲ့ လေးစားမှုရှိဖို့က အဓိက ကျတယ်လို့ ခင်လှိုင်က ပြောပါတယ်။

‘’ အိမ်ထောင်တစ်ခုမှာ ယောကျ်ားကလည်း မိန်းမကို ကြောက်စရာမလိုဘူး၊ မိန်းမကလည်း ယောကျ်ားကို ကြောက်စရာမလိုဘူး။ အမှန်တကယ်ကတော့ အိမ်ထောင်ရေးမှာ အပြန်အလှန်လေးစားမှုတော့ရှိရမယ်ပေါ့နော်။ သူကလည်း ကိုယ့်စကားကို နားထောင်ရမယ်။ ဒါမှလည်း အိမ်ထောင်တစ်ခုမှာ လိုအပ်တာကို ပြင်ဆင်ဖို့ တစ်ယောက်နဲ့တစ်ယောက်စကားနားထောင်တာအပြင် ဖေးမရမှာပေါ့’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၈ ရက်နေ့က Player ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Khin Hlaing

င်လှိုင် (Khin Hlaing) ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေ ကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က