ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင် စုံတွဲထဲမှာ သူတို့စုံတွဲလေးကလည်း တစ်တွဲ အပါအဝင်ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတွေ၊ ချစ်ခြင်းတရားတွေနဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့တာ ဒီနေ့ဆိုရင် (၇)လတိတိရှိသွားခဲ့ပါပြီ။
Photo : ရွှေထူး
အနုပညာရှင် စုံတွဲတွေထဲက တစ်တွဲအပါအဝင်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့စုံတွဲလေးက ဒီနေ့မှာ အိမ်ထောင်သက်(၇)လ တိတိပြည့်သွားခဲ့ပါပြီ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ အိမ်ထောင်ရေးလေးက ပရိသတ်တွေအားကျရတဲ့ အိမ်ထောင်ရေး တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ရွှေမှုံရတီအတွက်ဆို အမြဲတမ်း အကြိုက်သိ အလိုက်သိတတ်တဲ့ ရွှေထူးက ချစ်ဇနီးအတွက် အိမ်ထောင်သက်(၇)လပြည့်တဲ့နေ့မှာ ယခုလို စကားလေး ပြောထားပါသေးတယ်။
“မသိဘူးကောက်မယ်ဆိုတဲ့ ဇနီးချောလေးရေ အရမ်းချစ်တယ်။ ဘာလိုလိုနဲ့အိမ်ထောင်သက် ၇ လရှိသွားပြီ ... အရင်ထက်ပိုပြီး ကောက်သမျှကို ဖြောင့်ပေးနိုင်အောင် ဆက်ကြိုးစားပါဦးမယ်ဗျာ” ဆိုပြီး ရွှေထူးရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၁၁) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။ရွှေထူးဟာ ဇနီးကို အရမ်းချစ်တတ်လွန်းပြီး ဇနီးရဲ့ အကြိုက်ကို အရမ်းသိတဲ့ခင်ပွန်းတစ်ယောက်လို့ ပြောရမှာပါ။ ချစ်ဇနီးလေးရဲ့မွေးနေ့တိုင်း ၊ သူတို့နှစ်ယောက်ရဲ့ အထိမ်းအမှတ်တိုင်းမှာ ဇနီးအတွက် အမှတ်တရလေးတွေကို ဖန်တီးပေးတတ်သူလည်း ဖြစ်ပါတယ်။
Photo : ရွှေထူး
ရွှေမှုံဟာလည်း ခင်ပွန်းဖြစ်သူ ရွှေထူးအတွက် ဘေးနားကနေ ပါရမီဖြည့်ပေးနေတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ခင်ပွန်းအတွက် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါ။ ရွှေထူးအတွက်ကတော့ ရွှေမှုံကို ပိုင်ဆိုင်ထားရတာ အမေနဲ့တူတဲ့ မိန်းမကို ပိုင်ဆိုင်ထားရသလိုပါပဲလို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။
“ကျွန်တော်တစ်ခါတလေ သူ့ကို ပြောဖြစ်တယ်။ နင်ကင့ါအမေလိုပဲလို့။ဘာလို့လည်းဆိုတော့ ကျွန်တော်က ကျွန်တော့်အမေနဲ့တူတဲ့ မိန်းမကို ကျွန်တော်ရတယ်လို့ ထင်တယ်။ သူလုပ်ပေးတာလေးတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်အမေနဲ့ နှိုင်းယှဉ်ပြောတယ်။ ကျွန်တော်ညဘက် ဗိုက်တွေအောင့်လို့ ဆိုရင် အမေသားကို ဆေးလိမ်းပေးပါဦးဆို လိမ်းပေးတယ်။အဲ့လိုပဲ သူလည်း ကျွန်တော့်အတွက်ဆိုအိပ်နေတဲ့အချိန်ပြောတာတောင် ထလုပ်ပေးမယ်။ ဗိုက်ဆာတယ်ဆိုရင် အဆင်ပြေအောင် တစ်ခုခုထလုပ်ပေးတာမျိုးပေ့ါ။ ကျွန်တော့်အမေနဲ့တူတယ်သူက” ဆိုပြီး ဇန်နဝါရီ(၃၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Shake the World ပွဲမှာ ဖြေဆိုပေးခဲ့တာပါ။
Photo : ရွှေထူး
ရွှေမှုံအတွက်ကလည်း ရွှေထူးဟာ ဖခင်နဲ့တူတဲ့ ခင်ပွန်းတစ်ယောက်လို့ ပြောဖူးခဲ့ပါသေးတယ်။အဲဒါကြောင့်လည်း ရွှေထူးကို ရွှေမှုံက ပါးပါးလို့ ချစ်စနိုးခေါ်တာလို့ ရွှေမှုံက ဆိုပါတယ်။
‘’ အိမ်ထောင်ကျပြီး သိပ်မကြာသေးဘူး၊ ကိုယ့်ကိုသူက အဖေတစ်ယောက်လို ဂရုစိုက်တယ်။ ဖခင်မေတ္တာကို ရတယ်ဆိုတော့ သဲက ငယ်ငယ်ကတည်းက အလုပ်ထွက်လုပ်ရတာဆိုတော့ မိခင်မေတ္တာပဲ ရတယ်လို့ပြောရမှာပေါ့နော်. ဖေဖေ က အိမ်မှာပဲ ကျန်ခဲ့တာမျိုးဆိုတော့ ကောင်းကောင်းစကားမပြောဖြစ်ဘူး။ ငယ်ငယ်ကပဲ ရင်းရင်းနှီးနှီးရှိတာ။ အိမ်ထောင်ကျသွားတော့လည်း မိဘတွေနဲ့ ပိုဝေးသွားတယ်။ အဲ့ဒီအချိန်မှာ ကိုယ်ရခဲ့ဖူးတဲ့ ဖခင်မေတ္တာတွေသူက ပြန်ပေးတယ်။ အဲ့ဒီအတွက်ကြောင့် သူ့ကို တလေးတစားနဲ့ ပါပါးလို့ခေါ်တယ်။ နွေးထွေးတဲ့ ရင်ခွင်တစ်စုံလည်းပေးတယ်၊ မေတ္တာတွေလည်း ပေးတယ်လို့ ခံစားရလို့’ လို့ သူက ပြောပါတယ်။
သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အသေးစိတ်ကအစ ဂရုစိုက်ချစ်တတ်ပြီး အမှတ်တရနေ့လေးတွေမှာလည်း အပြန်အလှန် လက်ဆောင်တွေပေးတတ်တဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။ အရမ်းချစ်တတ်တာကြောင့် ပရိသတ်တွေရဲ့ အားကျခြင်းကိုလည်း ခံရသလို ဝေဖန်သူတွေရဲ့ အပြစ်တင် ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ သာယာတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာ တွေ့ရပါတယ်။
သူတို့နှစ်ဦးဆုံတွေ့မှုလေးကလည်း အရမ်းကို ဆန်းကြယ်လွန်းပါတယ်။ ဒါရိုက်တာညွှန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ “ဧည့်သည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ဆုံတွေ့ခဲ့ကြတာ ဖြစ်ပြီး နောက်ပိုင်းမှာ ချစ်သူတွေဖြစ်သွားခဲ့ကြတာပါ။
Photo : ရွှေထူး
ချစ်သူသက်တမ်း သိပ်မကြာသေးခင်မှာပဲ ရွှေထူးက ရွှေမှုံ့ကို ရိုမန့်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့တာလေးကလည်း ပရိသတ်တွေ အရမ်းအားကျခဲ့ရတဲ့ အမှတ်တရလေး တစ်ခုပါပဲ။ ရန်ကုန်ယူနိုက်တက် ဘောလုံးကွင်းကြီးတစ်ကွင်းလုံးကို ငှားပြီး ရွှေမှုံကို ရိုမန့်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့တာပါ။
အဲဒီနောက် ၂၀၁၈ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့က နေပြည်တော် Park Royal Hotel မှာ နှစ်ဦးသဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
၂၀၁၈ ခုနှစ် နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ယခုနောက်ပိုင်းမှာ သူတို့နှစ်ဦး အနုပညာအလုပ်တွေ အတူတူ ဖန်တီးနေတာ တွေ့ရပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ပထမဆုံး အတူတူသီဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။