ဖြိုးလေးကရော ရှေ့ရေးအတွက် ဘာတွေ ပြင်ဆင်ထားပြီလဲ။

ဝါဆိုမိုးဦးဟာ အသက် ၂၈ နှစ်ကျော်မှ အိမ်ထောင်ပြုမယ်လို့ ဆိုပါတယ်။ ဖြိုးလေးကိုယ်တိုင်ကလည်း သူတို့ နှစ်ယောက်ရဲ့ ရှေ့ရေးအတွက် ပြင်ဆင်ထားတဲ့ အရာတွေကို ပြောပြလာပါတယ်။

Photo: Phyo Lay



ဝါဆိုမိုးဦးကတော့ အဆိုတော် ဖြိုးလေး(Snare) နဲ့ လက်တွဲလာတဲ့ ချစ်သူသက်တမ်းက မနည်းတော့ပါဘူး။ ဒါပေမယ့်လည်း အသက် ၂၈ လောက်မှာမှ အိမ်ထောင်ပြုမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အိမ်ထောင်ရေးကတော့ ဝါဆိုလည်း ကိုဖြိုးလေးနဲ့ ညှိပြီးသားပါ။ ဝါဆို အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်တဲ့ အချိန်ရယ်၊ ဝါဆို အသက် ၂၈၊ ၂၉ လောက်ရောက်မှ အိမ်ထောင်ပြုမယ်လို့ စဉ်းစားထားပါတယ်။ ကိုဖြိုးလေးက ငယ်သေးတော့လေ။ ဝါဆို တို့ နှစ်ယောက်ကလည်း တွဲလာတာကြာတော့ တစ်ယောက်နဲ့ တစ်ယောက် အလုပ်တွေ ပိုပြီးလုပ်လာတယ်၊ ကူညီပေးဖြစ်ကြတယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Phyo Lay

အဲဒီနောက် အဆိုတော် ဖြိုးလေးကလည်း ချစ်သူသက်တမ်း ကြာလာတာနဲ့ အမျှ ပြောင်းလဲလာတဲ့ သူတို့ နှစ်ဦးရဲ့ အကြောင်းကို ဆက်လက်ပြောပြခဲ့ပါသေးတယ်။

‘’ ရှေ့ရေး Plan ကတော့ သူ့အလုပ်တွေ ကိုယ်ဝိုင်းကူလုပ်၊ ကိုယ့်အလုပ်တွေ သူဝိုင်းကူလုပ်ပေးပါတယ်။ အနုပညာအလုပ်တွေလည်း လုပ်နေသလို တခြားအပြင် စီးပွားရေးတွေလည်း လုပ်ဖို့ရှိပါတယ်။ သူနဲ့ ကျွန်တော်လည်း အရင်ကလောက် ရန်မဖြစ်တော့ဘူး။ ဘာမဟုတ်တဲ့ ပြဿနာလေးတွေနဲ့ ရန်မဖြစ်တော့ဘူးဆိုပြီးတော့ နားလည်မှု ယူထားရတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း ပိုပြီးတော့ အကြောင်းသိလာတယ်။ တွဲလာတဲ့ သက်တမ်းပိုများလာတာနဲ့ အမျှ ပိုပြီးတော့ နားလည်လာတယ်’’ လို့ သူကဆိုပါတယ်။

Photo: Phyo Lay

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ဟာ ချစ်သူသက်တမ်း(၃)နှစ်ကျော်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီ ၃ နှစ်အတွင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲတဲ့။ လက်ရှိမှာတော့ ဖြိုးလေးက သီချင်းအသစ်တွေ ဖန်တီးနေတာဖြစ်ပါတယ်။ ဝါဆိုမိုးဦးကတော့ စီးပွားရေးဘက်မှာ ပိုပြီး အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဖြိုးလေးရဲ့ အသစ်ထွက်ရှိထားတဲ့ ‘’ဘာတွေဖြစ်’’ တစ်ကိုယ်တော်အခွေမှာလည်း ဝါဆိုမိုးဦးက စုံတွဲသီချင်းတစ်ပုဒ် ပါဝင်သီဆိုပေးထားတယ်လို့ ဆိုပါတယ်။

Photo: Sue Kxet

ဝါဆိုမိုးဦးရဲ့ ဂီတအလုပ်တွေမှာလည်း ဖြိုးလေးက ပါဝင်ကူညီပေးနေတာဖြစ်ပါတယ်။ ဖြိုးလေး(Phyo Lay)ကို Rap သီချင်းတွေ ဆိုတဲ့ Snare အဖွဲ့ဝင်တစ်ဦးအဖြစ် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ ဝါဆိုမိုးဦး(Warso Moe Oo)ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာတော့ သူတို့ ချစ်သူနှစ်ဦးပေါင်းပြီး ဂီတအလုပ်တွေ လုပ်နေပြီလို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က