Model လောကမှာ ဆရာမတစ်ယောက်အဖြစ် ရပ်တည်နေတဲ့ တင်မိုးလွင်ဟာ Talents & Models Agency ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ အခုချိန်ထိ မိဘနှစ်ပါးနဲ့ အတူ အသက် ၁၀၀ အရွယ်အထိရှိတဲ့ အဘွားလည်းရှိတယ်လို့ ဆိုပါတယ်။ ဒီနေ့ ဒီအချိန်အထိ အိမ်ထောင် မပြုပဲ တစ်ယောက်တည်းနေနေရတဲ့ ခံစားချက်တွေကိုလည်း Duwun Media ရဲ့သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
'' ကိုယ်တိုင်ကတော့ ကိုယ့်ဘဝနဲ့ ကိုယ့်အစီအစဉ်ပါပဲ။ အဖေလည်းရှိသေးတယ်၊ အမေလည်းရှိသေးတယ်။ အဘွားလည်းအသက် ၁၀၀ ရှိသေးတယ်။ လောကကြီးမှာတော့ ဘယ်သူအရင်သွားမယ်၊ ဘယ်သူကျန်ခဲ့မယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး။ လာတုန်းကလည်း တစ်ယောက်တည်းပဲ ထွက်သွားရင်လည်း တစ်ယောက်တည်း ထွက်သွားရမှာဆိုတော့ ကျန်တဲ့အချိန်မှာတစ်ယောက်တည်း ရှိနေမယ်ဆိုရင်လည်း ဒီလိုပဲ ဖြစ်အောင်နေရမှာပေါ့နော်'' လို့ ဆိုပါတယ်။
Photo: Tin Moe Lwin Fb
တင်မိုးလွင်ဟာ အပျိုကြီးတစ်ယောက်ဖြစ်ဖိုု့အတွက် ငယ်ငယ်ကတည်းက ရည်ရွယ်ထားတာမျိုးတော့ မရှိပါဘူးတဲ့။
''တပည့်တွေရှိတယ်၊ သူငယ်ချင်းတွေရှိတယ်၊ ကိုယ့်ရဲ့ မိတ်ဆွေတွေရှိတယ် ဆိုတော့ ကိုယ့်ဘဝကို ဒီပတ်ဝန်းကျင်ထဲမှာပဲ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ နေထိုင်ရမှာပေါ့ ။ အပျိုကြီးလုပ်မယ်ဆိုတာတော့ ငယ်ငယ်ကတည်းက ဆုံးဖြတ်ထားတာမျိုးမရှိပါဘူး အခုချိန်ထိတော့ တစ်ယောက်တည်းပါပဲ။ ရည်ရွယ်ချက်တွေ အများကြီးရှိတဲ့ အထဲမှာမှ အိမ်ထောင်ပြုမယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခု မပါလာဘူးထင်တယ်'' လို့ သူကဆိုပါတယ်။
Talent & Model Agency ၂၃ နှစ်ပြည့် အမှတ်တရဖျော်ဖြေပွဲပြုလုပ်မယ့် တင်မိုးလွင်
Talents & Models Agency ရဲ့ ဦးဆောင်သူတစ်ယောက်လည်းဖြစ် တပည့်တိုင်းရဲ့ လေးစားချစ်ခင်မှုကို ပိုင်ဆိုင်ခွင့်ရတဲ့အတွက်လည်း အရမ်း ဝမ်းသာတဲ့အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
'' တပည့်တွေကလည်း အားကိုးရတယ်၊ တချို့တွေကလည်း ဒုတိယမိခင်လို့ ပြောကြတယ်။ အရမ်းဝမ်းသာပါတယ်။ သူတို့မေမေတွေရဲ့ နေရာကိုတော့ မယူလိုပါဘူး။ ကိုယ်က အပျိုကြီးဆိုတော့ သားသမီးမွေးဖို့မဖြစ်နိုင်ပေမယ့် သူတို့က ကိုယ့်ကို မိခင်လို့ သဘောထား တယ် ဆိုတော့လည်း အမေတစ်ယောက်ရဲ့ မိခင်မေတ္တာကို ခံစားမိတယ်၊ ဂုဏ်ယူလိုပါတယ်'' လို့ ပြောပြခဲ့ပါတယ်။
တင်မိုးလွင်ဟာ Talent & Model Agency ကို တည်ထောင်ခဲ့တာ ၂၄ နှစ်အထိ ရှိနေပါပြီ။ သူ့အနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး လှပတဲ့ မော်ဒယ်လ်လေးတွေကို မြေတောင်မြှောက်ပေးလျှက်ရှိပါတယ်။ အခုလက်ရှိမှာလည်း Talent & Model Agency ကို ဦးဆောင်ပြီး အစီအစဉ် တင်ဆက်သူ အဖြစ်ပါ ဆောင်ရွက်နေရပါတယ်။ အဲ့ဒီနောက် တီဗီကြော်ငြာတွေမှာလည်း ဦးစားပေးအနေနဲ့ သရုပ်ဆောင်လာတာကို တွေ့ရပါတယ်။