အချစ်ရေးက ခေါင်းထဲမှာကိုမရှိတာ။

သင်ဇာဝင့်ကျော်ကတော့ သူမအတွက် အိမ်ထောင်ပြုဖို့ ခေါင်းထဲမှာ အရေးတကြီး မစဉ်းစားဘူးလို့ ဆိုပါတယ်။သူမ စိတ်တိုင်းကျ ပြီးပြည့်စုံတဲ့ အိမ်ထောင်ဘက်မျိုးလည်း မရှိလောက်ဘူးလို့ သူကပြောပါတယ်။

သင်ဇာဝင့်ကျော်ကတော့ အခုဆိုရင် အသက် ၃၂ နှစ်အရွယ်ရှိပါပြီ။ ဒီအရွယ်မှာလည်း အိမ်ထောင်ပြုချင်စိတ်မရှိဘူးလို့ ဆိုပါတယ်။ မိဘတွေရဲ့ အနားမှာ နေလို့ မဝသေးဘူးလို့ မီဒီယာ အင်တာဗျူးတွေကနေ ဖြေဆိုခဲ့ပါတယ်။



“ ဒီအလုပ်ကို လုပ်လို့လည်းမဝသေးဘူး၊ မိဘအနားမှာနေလို့လည်း မဝသေးဘူး။ မိဘကိုလည်း လုပ်ကျွေးပြုစုချင်သေးတယ်။ ကိုယ့်အသက် ဘယ်လောက်ပဲရှိရှိ မိဘကျေးဇူးဆပ်ရဖို့က အရေးကြီးတယ်။ အိမ်ထောင်ပြုဖို့က အရေးမကြီးဘူး။ အိမ်ထောင်ပြုတာထက် အဓိပ္ပာယ်ရှိတဲ့အရာတွေ လုပ်လို့ရတယ်။ ဒါကတော့ သင်ဇာ့အတွက် အရေးလည်းမကြီးဘူး။ ခေါင်းထဲမှာလည်း မရှိဘူး” လို့ ဆိုပါတယ်။

သူမ လိုချင်တဲ့ အိမ်ထောင်ရေးပုံစံကိုလည်း ပြောပြခဲ့ပါသေးတယ်။ အချစ်ရေးမှာတော့ ကံကောင်းတဲ့ သူ ပါပဲလို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

“ကိုယ်ကတော့ Perfect ဖြစ်တဲ့လူပဲ ကြိုက်တယ်။ အဲဒီလိုလူကလည်း ဒီကမ္ဘာပေါ်မှာ မရှိလောက်ဘူး။ အဓိက ကတော့ ကိုယ့်ကိုချစ်ရမယ်၊ ကိုယ်က ရွေးချယ်လို့လည်း မရဘူး။ ကိုယ့်ဆီကို အလိုလိုရောက်လာမှာပဲလေ။ ကိုယ့်ကိုချစ်ရမယ်၊ နားလည်ရမယ်၊ သစ္စာရှိရမယ်။ အချစ်ရေးမှာ ကံကောင်းတယ်ဆိုပေမယ့် ကောင်းတဲ့ကံကို မယူတတ်ဘူးပေါ့နော်။ ကိုယ်အဆင်ပြေတဲ့အချိန်ထိတွဲတယ်၊ ကိုယ်အဆင်မပြေဘူးထင်ရင် လမ်းခွဲတယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ မိဘတွေကလည်း သူမကို အိမ်ထောင်ပြုဖို့ တိုက်တွန်းထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

“ မိဘတွေကတော့ အိမ်ထောင်မပြုစေချင်တာ။ ရှိတဲ့မောင်နှမ ၄ ယောက်မှာ သင်ဇာတစ်ယောက်တည်း လူပျိုလူလွတ်ရှိတော့တာ။ ဒီအချိန်မှာ သူတို့ကို ပြုစုနိုင်တာ၊ သူတို့ကို စောင့်ရှောက်နိုင်တာဆိုလို့ ကိုယ်တစ်ယောက်တည်းရှိတာဆိုတော့ အိမ်ထောင်မပြုစေချင်ကြသေးဘူးလို့ ထင်တာပဲ” ဆိုပြီးတော့ ဒီဇင်ဘာလ ၄ ရက်နေ့က သူ့ရဲ့ မွေးနေ့အလှူမှာ ဖြေဆိုခဲ့တာပါ။

Photo: Amazing Grace

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က