ယောကျ်ားက မာနကြီးပြီး၊ မိန်းမက ထက်မြတ်နေရင် အိမ်ထောင်ရေးက ...

ဒါရိုက်တာ ဏကြီးကတော့ “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်” ဇာတ်ကားထဲက အိမ်ထောင်ရေးအပေါ် သုံးသပ်ပြောပြလာပါတယ်။ မာနကြီးတဲ့ယောကျ်ားတစ်ယောက်နဲ့ ထက်မြတ်တဲ့ မိန်းမတစ်ယောက်တို့ရဲ့ အိမ်ထောင်ရေးမှာ သဘောထားကွဲလွဲမှုတွေရှိတတ်တယ်လို့ ဆိုပါတယ်။

Photo: Paing Phyo Thu



ဒါရိုက်တာဏကြီးကတော့ ဇနီးချောလေး ပိုင်ဖြိုးသု ပါဝင်သရုပ်ဆောင်ထားတဲ့ “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်”ရုပ်ရှင်ဇာတ်ကားကို ကြည့်ပြီး သူ့ရဲ့ အမြင်လေးကို ပြောပြလာပါတယ်။ သူတို့ရဲ့ အိမ်ထောင်ရေးမှာတောင် အသေးအမွှားပြဿနာလေးတွေရှိတတ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ဘာမှမဟုတ်တဲ့ ပြဿနာလေးတွေ၊ တချို့အချက်လေးတွေက သေးသေးမွှားမွှားလေးတွေဆိုတော့ ပြဿနာလို့တောင်ပြောလို့မရဘူး။ ဒါပေမယ့် အဲဒီအရာလေးတွေက အဖုအထစ်အကြီးကြီးတွေ ဖြစ်တတ်တယ်။ အဲဒါကို “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်” ဇာတ်ကားထဲမှာ ကျွန်တော် မြင်လိုက်ရတယ်။ ဒါကို အပြင်က အိမ်ထောင်သည်တစ်ယောက်အနေနဲ့ ဆက်စပ်ပြီးတော့ ခံစားလိုက်ရတာပါ” လို့ ဆိုပါတယ်။


Photo: Paing Phyo Thu

အပြင်လောကမှာ ဖြစ်ပေါ်နေတဲ့ အိမ်ထောင်ရေးအကြောင်းတွေကိုလည်း ဒါရိုက်တာဏကြီးက သုံးသပ်ပြောပြလာပါတယ်။ တကယ်တော့ ယောကျ်ားလေး၊ မိန်းကလေး ခွဲခြားစရာမလိုဘူးလို့ ဆိုပါတယ်။

“ ကျွန်တော်တို့နယ်ပယ်မှာက ယောကျ်ားလေးက ဦးဆောင်ရမယ်ဆိုတဲ့ society ပေါ့နော်။ အဲဒီမှာ ထက်မြတ်တဲ့ မိန်းမတွေအတွက်ကကျတော့ အိမ်ထောင်ပြုပြီးသွားတဲ့အချိန်ကျရင် နှိမ့်ပြီးတော့ဆက်ဆံခံရမယ်။ အိမ်ထောင်ဦးစီးကို ရိုသေရမယ်၊ လေးစားရမယ်ဆိုပြီးတော့ ကျွန်တော်တို့ society မှာဖြစ်နေတဲ့ သဘောတရားပေါ့။ တကယ်တော့ အိမ်ထောင်တစ်ခုမှာ ယောကျ်ားရော၊ မိန်းမရော အတူတူပဲ။ ဘယ်သူက ဦးဆောင်ရမယ်၊ ဘယ်သူက နောက်လိုက်ရမယ်ဆိုတာမရှိဘူး” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့က “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်”ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

photo- RBV

အိမ်ထောင်ရေးမှာ မိန်းကလေးတစ်ယောက်က ထက်မြတ်ပြီး ယောကျ်ားလေးတစ်ယောက်က မာနမလျှော့နိုင်ဘူးဆိုရင်တော့ ခိုင်မာတဲ့ အိမ်ထောင်ရေးမျိုးဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ဒါရိုက်တာ ဏကြီးက ပြောပြလာပါသေးတယ်။

“ ထက်မြတ်တဲ့ မိန်းမတွေကကျတော့ ငါတို့ကိုနှိမ်လို့မရဘူး၊ ငါတို့မှာလည်း ယောကျ်ားတွေနဲ့တန်းတူ စဉ်းစားနိုင်တဲ့အရည်အချင်းရှိတယ်။ ဦးနှောက်ရှိတယ်။ ကျွန်တော့်အမြင်မှာတော့ ထက်မြတ်တဲ့မိန်းမနဲ့ မာနကြီးတဲ့ ယောကျ်ားတစ်ယောက်ရဲ့ Relationship က ဒီလိုပဲ။ သူတို့ရဲ့ခေါင်းထဲမှာတွေးတဲ့ အတွေးအခေါ်တွေက ကြီးတော့ ဝေးသွားကြတယ်။ မှားတယ်မှန်တယ်ဆိုတာလည်း အဲဒီအချိန်မှာ ဆုံးဖြတ်စရာမလိုဘူး။ စိတ်ခံစားချက်ကပဲအရေးကြီးသွားတာပါ” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Paing Phyo Thu

ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသု တို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း ၁ နှစ်ကျော်ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း ဇနီးမောင်နှံနှစ်ယောက်ပေါင်းပြီး Fatty Gangster Production ဆိုတဲ့ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်လိုက်ပါပြီ။ ဒါရိုက်တာဏကြီးဟာ လက်ရှိအောင်မြင်နေတဲ့ လူငယ်ဒါရိုက်တာတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က