အိမ်မွေးခွေးအမျိုးအစားပေါင်း ၂၀ ကျော်ပါဝင်ခဲ့တဲ့ အိမ်မွေးခွေးအလှပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ရန်ကုန်မြို့ MCC ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ချစ်စရာအိမ်မွေးခွေးပေါင်းများစွာပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီးတော့ ဆုတွေပေးအပ်ခဲ့ပါတယ်။
“ခွေးအမျိုးအစားပေါင်း ၂၀ ကျော် ပါဝင်ပါတယ်။ အသက် ၆လနဲ့ အထက်ကို Adult အဆင့်လို့ သတ်မှတ်ပြီးတော့ ခြောက်လအောက်ကိုတော့ ပါပီအဆင့် သတ်မှတ်ပါတယ်။ Adult မှာလည်း Large, Medium, Small ဆိုပြီးု အုပ်စုသုံးစုမှာ ပြိုင်ပွဲသုံးပွဲအပါအဝင် ပြိုင်ပွဲခြောက်ပွဲကျင်းပတာဖြစ်ပါတယ်။ ” လို့ ရန်ကုန်မြို့တော်စည်ပင် တိရစ္ဆာန်ဆေးကုနဲ့ အသားထုတ်လုပ်ရေးဌာန လက်ထောက်ဌာနမှုး ဒေါက်တာလှမေဦးကပြောပါတယ်။
“လာပြိုင်ရတဲ့အကြောင်းရင်းက ကျွန်တော်တို့က သူတို့လေးတွေကို အိမ်မှာပဲ မထားချင်ဘူး။ ခွေးလေးတွေလည်းချစ်တတ်တယ်။ ကိုယ်လည်းမွေးထားတယ်ဆိုတော့ အပြင်တွေသွားပြီး ပြိုင်ပွဲတွေလည်း ဝင်ပြိုင်မယ်ဆိုရင် သူတို့အတွက်လည်း ပိုပျော်ဖို့ကောင်းပါတယ်။” လို့ ပြိင်ပွဲမှာ Bulldog အမျိုးအစားအိမ်မွေးခွေးနဲ့ လာရောက်ယှဉ်ပြိုင်တဲ့ ကိုကျော်သူရအောင်က ပြောပါတယ်။
မြို့တော်ဝန်ဖလား အိမ်မွေးခွေးအလှပြပွဲနဲ့ ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့တာ ဒီနှစ်မှာ ငါးကြိမ်မြောက်ဖြစ်ပါတယ်။ ရည်ရွယ်ချက်က အိမ်မွေးခွေးတွေကို တာဝန်ယူမှုရှိရှိမွေးတက်ဖို့ ရည်ရွယ်တာဖြစ်ပြီးတော့ အိမ်မွေးခွေးတွေနဲ့ ပတ်သတ်တဲ့ ပြခန်းတွေ၊ ဆေးခန်းတွေလည်း ပါဝင်ခဲ့တာကို တွေ့ရပါတယ်။