တစ်ချိန်တည်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။

ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်မှာ တစ်ချိန်တည်း ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချယ်ဆီးနဲ့ ဘရိုက်တန်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ဆောက်သမ်တန်တို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးရော စပါးအသင်းပါ အိမ်ကွင်းမှာ အမှတ်ပြည့် ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။

ချယ်ဆီးနဲ့ ဘရိုက်တန်တို့ရဲ့ပွဲစဉ်မှာ အိမ်ရှင်ချယ်ဆီးအသင်းက ပထမပိုင်း စတင်ချိန်ကတည်းက ကစားကွက် အသာစီးရယူထားနိုင်ခဲ့ပြီး ဘရိုက်တန်အသင်း ဂိုးပေါက်ကို တရစပ် ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဘရိုက်တန်အသင်း ဂိုးသမား ရိုင်ယန်ဟာ ချယ်ဆီးကစားသမားတွေရဲ့ အပိုင်ဂိုးကန်သွင်းခွင့်တွေကို အံ့အားသင့်ဖွယ် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့်် ချယ်ဆီးအသင်း ပထမပိုင်းမှာ အဖွင့်ဂိုး သွင်းယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ပြီး ၄၉ မိနစ်မှာ ဝက်ဘ်စတာက မေဆင်မောင့်ကို ပင်နယ်တီဧရိယာထဲမှာ ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ချယ်ဆီးအသင်းပင်နယ်တီ ကန်ခွင့်ရရှိခဲ့ပါတယ်။

ချယ်ဆီးအသင်း ရရှိခဲ့တဲ့ပင်နယ်တီပြစ်ဒဏ်ဘောကို ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ ကန်သွင်းယူပြီး ချယ်ဆီးက အဖွင့်ဂိုး ရရှိခဲ့ပါတယ်။ ၇၆ မိနစ်မှာ ဟတ်ဒ်ဆန်အိုဒွိုင်းရဲ့ဖန်တီးပေးပို့မှုကနေတဆင့် ဝီလီယံက ချယ်ဆီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ချယ်ဆီးအသင်းက ဘရိုက်တန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးနဲ့ ဆောက်သမ်တန်တို့ရဲ့ ပွဲစဉ်ဟာ ပထမပိုင်း စတင်ချိန်ကတည်းက အကြိတ်အနယ်ရှိခဲ့ကြပြီး အပြန်အလှန် ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။

ပထမပိုင်း ၂၄ မိနစ်မှာ အန်ဒွန်ဘီလီက ဆွန်ဟောင်မင်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် တော့တင်ဟမ်ဟော့စပါးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းက အဖွင့်ဂိုး ပေးခဲ့ရပြီးနောက် ချေပဂိုး ပြန်လည်သွင်းယူဖို့ ကြိုးပမ်းခဲ့ပြီး စပါးနောက်ခံကစားသမားတွေက အစွမ်းကုန် ခုခံနိုင်ခဲ့ကြပါတယ်။

၃၁ မိနစ်မှာ အော်ရီရာဟာ ဘာထရန်ကို နောက်ကနေ ဆွဲထားခဲ့တဲ့အတွက် ဒုတိယအဝါကတ်ပြား ပြသခံခဲ့ရပြီး ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ တစ်ယောက်လျော့သွားတဲ့ စပါးအသင်းဘက်ကို ဆောက်သမ်တန်က တရစပ်ထိုးဖောက်လာခဲ့ပြီး ၃၉ မိနစ်မှာ ဒန်နီအင့်ဂ်က ဆောက်သမ်တန်အတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

၄၃ မိနစ်မှာ အဲရစ်ဆင်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ဟယ်ရီကိန်းက အသင်းအတွက် လိုအပ်နေတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒုုတိယပိုင်းမှာတော့ ၂ ဖက်စလုံး အပြန်အလှန်ဂိုးပေါက်ကန်သွင်းမှုတွေ ပြုလုပ်ခဲ့ကြပြီး ၂ ဖက်စလုံးက ဂိုးသမားတွေက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် နောက်ထပ်ဂိုးတွေ မရရှိခဲ့ကြတာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် အဆင့် ၄ နေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ၇ ပွဲကစားပြီးချိန်မှာ ၃ ပွဲနိုင် ၂ သရေ ၂ ပွဲရှုံးနဲ့ ရမှတ် ၁၁ မှတ် ရရှိထားခဲ့ပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က