နိုင်ငံတော်အစိုးရက မန္တလေးမြို့က အိမ်ရာဝယ်ယူနိုင်စွမ်းမရှိတဲ့ပြည်သူတွေအတွက် အိမ်ခန်းပေါင်းသုံးထောင်ပါဝင်တဲ့ အငှားအိမ်ရာစီမံကိန်းကြီးတစ်ခုကို သြဂုတ်လ(၂၈)ရက်မနက်ပိုင်းက ရန်ကင်းတောင်ခြေအနီး ရှင်တော်ကုန်းကျေးရွာမှာ ပန္နက်တင်မင်္ဂလာအခမ်းအနားနဲ့ စတင်အကောင်အထည်ဖော်လိုက်ပါတယ်။

အငြိမ်းစားဝန်ထမ်း နိုင်ငံ့ဝန်ထမ်းနဲ့ဝင်ငွေနည်းပါးလို့နေရေးခက်ခဲနေတဲ့ပြည်သူတွေအတွက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့အစီအစဉ်နဲ့တည် ဆောက်ပေးမှာပဲဖြစ်ပြီး ကိုဗစ်-၁၉ကာလ အလုပ်အကိုင်အခွင့်အလမ်းအတွက်လည်းရည်ရွယ်တယ်လို့သိရပါတယ်။ "ဝန်ထမ်းတွေ အငြိမ်းစားဝန်ထမ်းတွေ ဝင်ငွေနည်းပါးတဲ့ပြည်သူလူထုအတွက် အငှားအိမ်ရာတစ်ခုကိုတည်ဆောက်ပေးတာပါ၊ ပြည်သူ့ဘဝလုံခြုံဖို့နဲ့ ဝင်ငွေ နည်းပြည်သူတွေအတွက် ဒီအိမ်ရာစနစ်ကိုထူထောင်ပေးတယ်ဆိုတာ သူတို့ရဲ့လူမှုဘဝကိုကာကွယ်ပေးတာပါပဲ၊ နောက်ပြီးတော့ ဒီဆောက်လုပ်ရေး လုပ်ငန်းကိုမှီပြီးတော့ ထုတ်လုပ်ရေးကလည်း ပြန်တက်လာမယ် ဒါဆိုလူတွေအလုပ်အကိုင်တက်လာမယ်၊ နောက်တစ်ခါ ဒီလုပ်ငန်းကြောင့် ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းလည်းဖွံ့ဖြိုးလာမယ်၊ ဒီကနေ့ ကိုဗစ်-၁၉ ကာလမှာအလုပ်အကိုင်ကြပ်တည်းလာတာတွေကိုပြန်ဖြည့်ဆည်းဖို့ အလုပ်အကိုင်အခွင့် အလမ်းပိုကောင်းလာအောင်လုပ်ပေးတဲ့အနေနဲ့ ဒီအငှားအိမ်ရာကိုဆောက်တာပါ လို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။



ဒီစီမံကိန်းကို ဆောက်လုပ်ရေးအသင်း ၃ သင်းကငွေကြေးအရင်းအနှီးစိုက်ထုတ်တည်ဆောက်ပေးမှာဖြစ်ပြီး ဒီကနေ့ကစလို့ ၆ လနဲ့အပြီးတည်ဆောက် သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ အခန်းတစ်ခန်းဆီဟာ အကျယ်အဝန်းအားဖြင့် ၆၅၀ စတုရန်းပေရှိမှာဖြစ်ပြီး အဲဒီလိုအခန်းပေါင်း ၃၀၀၀ အတွက် ၄ ခန်းတွဲ ၅ ထပ်ပါတိုက်အလုံးရေ ၁၈၈ လုံးရှိမှာလည်းဖြစ်ပါတယ်။ အစိုးရက အိမ်ရာဝယ်ယူနိုင်စွမ်းမရှိတဲ့ပြည်သူတွေအတွက် အငှားအိမ်ရာစီမံကိန်းတွေကို ရန်ကုန်မှာ ၆၃၀၀၊ နေပြည်တော်မှာ ၇၀၀ နဲ့ အခုမန္တလေးမှာ ၃၀၀၀ စုစုပေါင်းအခန်းပေါင်းတစ်သောင်းတည်ဆောက်ပေးသွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က