သူတို့က စိတ်မဆိုးတတ်ကြဘူး။

ခိုင်သင်းကြည်ကတော့ The Mask Singer Myanmar ပြိုင်ပွဲက ပြိုင်ပွဲဝင်တွေကို အိမ့်ချစ်၊ အေးမြတ်သူ၊ ကျော်ထူး တို့လို့ထင်မှတ်ပြီး စနောက်ခဲ့တဲ့ အမှတ်တရလေးတွေကို ပြောပြခဲ့ပါတယ်။ စိတ်မဆိုးတတ်ကြသူတွေမို့ တကယ်လည်း ခင်ဖို့ကောင်းကြတယ်လို့ သူကဆိုပါတယ်။ 


Photo: Khine Thin Kyi



သရုပ်ဆောင် ခိုင်သင်းကြည်ကတော့ The Mask Singer Myanmar ပြိုင်ပွဲမှာ ဆယ်လီစုံထောက်အဖြစ်ပါ ဝင်နေသူဖြစ်ပါတယ်။ ဒီပွဲမှာတော့ ပြိုင်ပွဲဝင်တစ်ဦးကို အိမ့်ချစ် လို့ထင်ပြီး စနောက်ခဲ့တဲ့ အမှတ်တရလေးတွေကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။

“ ပွဲမှာ အိမ့်ချစ်နဲ့ တွေ့တော့ မခိုင်လေးတဲ့ သမီးကိုပြောတယ်နော်တဲ့။ အိမ့်ချစ် အဲဒီလောက် မကိတ်ဘူးလို့တဲ့။ သမီးလေးရယ် Sorry ပါဆိုတော့ သူတို့ကလည်း စိတ်မဆိုးပါဘူး။ အေးမြတ်သူဆိုလည်း ခရီးသွားတဲ့အခါ သူ့ကို ကြည့်ပြီး မူးနေတာပဲ။ သူ့ကို ကြည့်ပြီးတော့မှ ကျန်တဲ့သူတွေကို ကိုယ်ချင်းစာတတ်သွားတယ်။ သူများတွေက ကိုယ့်ကိုကြည့်ပြီး မူးခဲ့တာကိုလေ။ သနားပါတယ်။” လို့ ဆိုပါတယ်။


Photo: Eaint Chit

အဲဒီနောက် ညီအစ်မလို ချစ်ရတဲ့ သရုပ်ဆောင်အေးမြတ်သူကိုလည်း မျောက်မူးလဲ ဆိုပြီးတော့ နာမည်ပြောင်လေး ပေးထားတဲ့အကြောင်း ခိုင်သင်းကြည်က ပြောပါတယ်။ စနောက်လိုက်တိုင်း စိတ်မဆိုးတတ်တဲ့ မိတ်ဆွေတွေ ရှိတယ်လို့လည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။

“ အေးမြတ်သူဆိုတာကလည်း အရမ်းရင်းနှီးတဲ့အတွက်ကြောင့် သူသည်စိတ်မဆိုးတတ်ဘူးဆိုတာ သိလို့လည်း ပြောရဲတာလေ။ သူ့ကို မျောက်မူးလဲလို့နာမည်ပေးတာကလည်း မခိုင်လေးတောင် မူးလဲသွားလို့ မျောက်မူးလဲလို့နာမည်ပေးထားတာ ကိုယ်နဲ့ သိပ်မရင်းနှီးဘူးဆိုရင် မပြောရဲဘူး။ အမှန်အတိုင်းလျှောက်ပြောလို့လည်း တချို့က ကြိုက်ချင်မှ ကြိုက်တာလေ။ ဦးကျော်ထူးတို့လို၊ အေးမြတ်သူတို့လို၊ အိမ့်ချစ်တို့လို အပြင်မှာလည်း ခင်တဲ့သူတွေဆိုတော့ ပြောရဲတာပေါ့နော်” ဆိုပြီးတော့ ဒီဇင်ဘာလ ၈ ရက်နေ့က “ရည်းစားတစ်ခုလပ်များ”ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 


Photo: Aye Myat Thu

The Mask Singer Myanmar ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တဲ့အနုပညာရှင်တွေ အားလုံးဟာ ကိုယ့်ကို ဘယ်သူမှ သတိမထားမိစေဖို့ မျက်နှာဖုံး အပြည့်အစုံတတ်ပြီး သီချင်းဆိုပြရတာပါ။ ဒီမျက်နှာဖုံးရှင်ကိုလည်း ဆယ်လီစုံထောက်ကြီးတွေရော ပရိသတ်တွေရောက ဘယ်အနုပညာရှင်ဖြစ်တယ်ဆိုတာကို ခန့်မှန်းကြရတာဖြစ်ပါတယ်။ ဒါကြောင့် ဆယ်လီစုံထောက်တစ်ဦးအဖြစ် ပါဝင်နေတဲ့ ခိုင်သင်းကြည်ကလည်း သူမရဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။

“ The Mask Singer မှာက ဒိုင်တွေလိုမျိုး ခပ်တည်တည်ကြီးနဲ့ အကဲဖြတ်ရတာ မဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် မခိုင်လေးတို့ကို ပျော်စေချင်လို့၊ ခွီတာကို လိုချင်လို့ အဲဒီနေရာကို ထားတာ ဆိုတဲ့အတွက် စည်းကမ်းတွေ၊ စည်းမျဉ်းတွေနဲ့ ဆုံးဖြတ်ရတာလည်း မပါဘူးလေ။ အပျော်လေးဆိုတော့ ကြည့်တဲ့ ပရိသတ်တွေပါ ပျော်တယ်ပေါ့နော်” လို့ ဆိုပါတယ်။


Photo: Khine Thin Kyi

ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပြီး ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။ သူမအတွက်တော့ ပထမဆုံးအကြိမ်အကယ်ဒမီဆုအနေနဲ့ ၂၀၁၃ ခုနှစ်မှာတော့ ''စုန်းပြူး''ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ''ကောင်းကျိုးကိုယ်၌တည်စေမင်း''ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့ပြန်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၅ နှစ်ကျော်လာပြီဖြစ်ပါတယ်။ ဆံပင်ရှည်ရှည်၊ ခပ်သွက်သွက် နဲ့ ဟာသဉာဏ်ရွှင်တတ်တဲ့ မင်းသမီးဖြစ်တာကလည်း ပရိသတ်အချစ်ကို အများကြီးပိုင်ဆိုင်ခဲ့တဲ့ သူမရဲ့ဆွဲဆောင်မှု တစ်ခုပါပဲ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က