မိုဘိုင်းဂိမ်မာတွေသာမက အိမ်တွင်းအောင်းနေရလို့ ဖုန်းတစ်လုံးနဲ့အချိန်ဖြုန်းနေရသူတွေအတွက် အခုတလော အသစ်ထွက်လာတဲ့ မိုဘိုင်းဂိမ်းသစ်တွေထဲက ကစားလို့ကောင်းတဲ့ ဂိမ်းငါးမျိုးကို အကြံပေးပါရစေ။
Game of Thrones Beyond the Wall
Games of Throne ပရိသတ်တွေအတွက်တော့ ရုပ်သံစီးရီးပြီးသွားပေမယ့် နောက်ထပ် GoT ကမ္ဘာထဲက ဇာတ်လမ်းတွေကို ထပ်ရိုက်ကူးပေးမယ့် စီးရီးသစ်တွေလာမယ့်အပြင် မိုဘိုင်းဂိမ်းတွေကလည်း တစ်ခုပြီးတစ်ခု ထွက်လာပါတယ်။ Beyond the Wall ဟာ ဧပြီလ အစကမှထွက်လာတဲ့ Free-to-play မိုဘိုင်းဂိမ်းအသစ်ဖြစ်ပြီး Turn-based Strategy/RPG အမျိုးအစားပါ။
ဒါပေမယ့် GoT စီးရီးထဲက ဇာတ်လမ်းမစခင် ဆယ်စုနှစ်ငါးခုနီးပါးကာလကို အခြေခံထားပြီး Night’s Watch ရဲ့ အသစ်စက်စက် Lord Commander အဖြစ် ကစားရမှာပါ။ ကစားသူရဲ့ ရှေ့က Lord Commander ဟာ The Wall ရဲ့ တစ်ဖက်ခြမ်းမှာ အစအနရှာမရအောင် ပျောက်ဆုံးသွားပြီး Night’s Watch ကို ထိန်းသိမ်းရင်း သဲလွန်စတွေ ပြန်ရှာဖွေရမယ့် ဇာတ်လမ်းသွားပုံစံမျိုးဖြစ်ပါတယ်။ ပရိသတ်အကြိုက်ဇာတ်ကောင်တွေဖြစ်တဲ့ Jon Snow, Daenerys, Jaime Lannister စတဲ့ ဇာတ်ကောင်တွေကိုလည်း Weirwoods အစွမ်းနဲ့ခေါ်ပြီး ဆော့ကစားနိုင်ပါတယ်။
Gwent: The Witcher Card Game
မိုဘိုင်းပလက်ဖောင်းပေါ်မှာ ဆော့လို့အကောင်းဆုံးဂိမ်းအမျိုးအစားတစ်ခုက ကတ်ဂိမ်းပါ။ Gwent ဟာ လူကြိုက်များလာပြန်တဲ့ The Witcher ကမ္ဘာထဲက ဆော့ကစားကြတဲ့ ကတ်ဂိမ်းဖြစ်ပြီး မူရင်းဗီဒီယိုဂိမ်းတွေမှာ တွေ့နိုင်သလို PlayStation မှာလည်း အခမဲ့ရယူဆော့ကစားနိုင်ပါတယ်။ အခုတော့ မိုဘိုင်းပေါ်ရောက်ရှိလာပါပြီ။
Gwent ရဲ့ကစားပုံဟာ အခြားကတ်ဂိမ်းအများစုထက် ရိုးရှင်းတယ်လို့ ဆိုနိုင်ပြီး CCG/TCG စတိုင်လ်နှစ်ခုလုံး ပါဝင်ပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ Size အရမ်းကြီးတာပါ။ အခမဲ့ဆွဲယူဆော့ကစားနိုင်ပါတယ်။
Naruto: Slugfest
မတ်လကုန်ခါနီးလောက်မှာ ထွက်လာခဲ့တဲ့ Naruto: Slugfest ကတော့ လူကြိုက်များ ဂျပန် Anime စီးရီးဖြစ်တဲ့ Naruto ကို အခြေခံထားတဲ့ MMORPG တစ်ခုပါ။ မိုဘိုင်းပေါ်မှာ ပထမဆုံး Open World Naruto ဂိမ်းလို့ ကြွေးကြော်ထားပြီး 3D စတိုင်လ် ဂရပ်ဖစ်နဲ့ Free-to-Play ဂိမ်းအသစ်ပဲဖြစ်ပါတယ်။
Naruto Shippuuden အစ ကာလလောက်မှာ အခြေခံထားပြီး ကစားသူတွေဟာ မိမိကိုယ်ပိုင် နင်ဂျာကာရိုက်တာ တစ်ယောက်ကို ဖန်တီးဆော့ကစားရမှာပါ။ Naruto ကမ္ဘာထဲက ဇာတ်ကောင်တွေ၊ Jutsu တွေကို တွေ့မြင်သုံးစွဲရမှာ ဖြစ်ပါတယ်။
Teamfight Tactics
Dota 2 လိုပဲ လူကြိုက်များတဲ့ MOBA ဂိမ်း League of Legends ဟာ အခုနှစ်အတွင်းမှာ မိုဘိုင်းပလက်ဖောင်းကို အင်နဲ့အားနဲ့ဝင်ရောက်လာဖို့ရှိပြီး Teamfight Tactics ကတော့ သူ့ရဲ့ Auto Chess ဗားရှင်းပါ။ TFT ကို ကွန်ပြူတာပေါ်မှာ LOL Client ကနေ ကစားနိုင်ပေမယ့် မိုဘိုင်းမှာတော့ Free-to-Play Standalone App အဖြစ် သီးသန့်ထွက်လာပါတယ်။
ဒီဂိမ်းမှာ LOL ဟီးရိုး/ချန်ပီယံတွေကို စစ်တုရင်ရုပ်လေးတွေအဖြစ် အသုံးချပြီး ပုံမှန် Auto Chess နဲ့ ကွဲပြားတဲ့ စတိုင်လ်တစ်ခုနဲ့ ကစားရမှာဖြစ်ပါတယ်။ Dota 2 Underlords နဲ့ မူလလက်ဟောင်း Drodo Auto Chess တို့နဲ့မတူအောင် ကြိုးစားထားတာမြင်တွေ့ရပေမယ့် Mobile Legends မှာ လပိုင်းလောက်စောပြီး ထည့်သွင်းခဲ့တဲ့ Magic Chess ကစားဖူးရင်တော့ ရင်းနှီးနေမှာပါ။ ဒါပေမယ့် TFT က ကွန်ပြူတာမှာ အရင်ထွက်ထားတာဖြစ်ပါတယ်။
Knighthood
Candy Crush နဲ့လူသိများအောင်မြင်ခဲ့တဲ့ King မှ ထုတ်လုပ်ထားတဲ့ Knighthood မှာ ကစားသူဟာ အကြီးကျယ်ဆုံး Knight သူရဲကောင်းတစ်ယောက်ဖြစ်အောင် တစ်ဆင့်ချင်း တက်လှမ်းရမှာဖြစ်ပါတယ်။ အခမဲ့ကစားနိုင်တဲ့ ဒီဂိမ်းမှာ သူများထက်စောစောကြမ်းချင်ရင်တော့ In-game Purchase တွေပါလာမှာပါပဲ။
တစ်ခန်းချင်းစီတက်ပြီး ရန်သူတွေကို ရင်ဆိုင်အနိုင်ယူကာ ကိုယ့်ရဲ့ ချပ်ဝတ်တန်ဆာနဲ့လက်နက်တွေ၊ စွမ်းအားတွေကို တိုးမြှင့်ရမယ့် RPG ဂိမ်းအမျိုးအစားလေးဖြစ်ပြီး ထင်ထားတာထက် ကစားရတာ ရိုးရှင်းပါတယ်။ သူ့ရဲ့ ဂရပ်ဖစ်ကလည်း King ရဲ့ထုံးစံအတိုင်း ရှင်းလင်းတောက်ပနေပြီး ချစ်စရာကောင်းတဲ့ စိတ်ကူးယဉ်ကမ္ဘာကို မြင်ရမှာပါ။