ချိုပြုံးကတော့ မြေးမလေး သန့်သီရိမိုးကို အဆိုတော် တစ်ယောက်ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။ အိမ်တွင်းပုန်းမြေးမလေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။
ဝါရင့်အနုပညာရှင်ကြီးတစ်ဦးဖြစ်သူ အကယ်ဒမီ ချိုပြုံးကတော့ အိမ်တွင်းပုန်းတတ်တဲ့ မြေးမလေးကို ပရိသတ်အရှေ့ ထုတ်ပြလိုက်ပါပြီ။ မြေးမလေးနာမည်ကတော့ သန့်သီရိမိုးလို့ခေါ်ပါတယ်။ ချိုပြုံးကတော့ မြေးမလေးကို အနုပညာအလုပ်တွေ လုပ်စေချင်တယ်လို့ Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
“သူ့ကိုတော့ မေချိုက သီချင်းလေး ဆိုခိုင်းချင်တယ်။ သူ့အသံ ဘယ်လိုနေမလဲတော့ မသိဘူး ဆရာတစ်ယောက်နဲ့တော့ အပ်ထားတယ်။ အဲဒီမှာ အသံအဆင်ပြေတယ်ဆိုရင်တော့ သူ့ကို သီချင်းဆိုခိုင်းမှာ။ သူ့ကို ဥ ထားတာတော့ မဟုတ်ဘူး သူကိုယ်တိုင်က အပြင်ကိုမထွက်ချင်တဲ့သူ။ မြေး ၅ ယောက်ထဲမှာ သူက အငယ်ဆုံးလေ ။ အသက်ကလည်း ၁၆ နှစ်ပဲရှိသေးတယ်။ ဒီနှစ်မှ ၁၀ တန်းစာမေးပွဲအောင်တာ။ သူ့ကိုလည်း သူ့အထက်က အစ်ကိုတွေ အစ်မတွေက ချုပ်ခြယ်လွန်းတော့ အိမ်ထဲမှာပဲနေတတ်သွားတာ။ အခုတော့ အပြင်ကို မနည်းဆွဲထုတ်လာရတယ်”လို့ သူကဆိုပါတယ်။
Photo: Thant Thiri Moe
သန့်သီရိမိုးကိုယ်တိုင်ကလည်း အဘွားဖြစ်သူရဲ့ စိတ်ဆန္ဒအတိုင်း အဆိုတော် တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ သန့်သီရိမိုးရဲ့ စိတ်နေစိတ်ထားကိုလည်း အဘွားဖြစ်သူ ချိုပြုံးက ပြောပြလာပါတယ်။
“ သူက လုပ်စရာရှိတာ ထလုပ်တယ်။ စကားလည်း သိပ်များများမပြောဘူး။ မေချိုကတော့ သူ့ကို အနုပညာသမားတစ်ယောက်ဖြစ်စေချင်တယ်။ ဒါပေမယ့် လူ့ကံဆိုတာလည်း မပြောနိုင်ဘူး။ ကိုယ်လည်း ငယ်ငယ်တုန်းက သူ့လိုပဲ အရမ်းရှက်တတ်တာ။ မင်းသမီးလုပ်ဖို့တောင် စိတ်ကူးမရှိခဲ့ဘူး။ ဒါပေမယ့် သူ့ဘာသာသူ ဖြစ်သွားတာလေ” ဆိုပြီးတော့ ဇန်နဝါရီလ ၁၁ ရက်နေ့က တွံတေးသိန်းတန် ရုပ်တုဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: Thant Thiri Moe
မြေးတွေမှာလည်း အဘွားနဲ့ တူတဲ့ အမှတ်တရလေးတွေရှိတယ်လို့ ချိုပြုံးက ပြောပါတယ်။ မြေးမလေး သန့်သီရိမိုး အတွက်တော့ အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။
“ မြေးတွေ အကုန်လုံး မေချို့လိုပဲ ပါးချိုင့်လေးတွေ ပါကြတယ်။ မြေးမလေးကိုတော့ မေချိုက ရုပ်ရှင်မင်းသမီးလည်းဖြစ်စေချင်တယ်၊ အဆိုတော်လည်း ဖြစ်စေချင်တယ်။ ဒါပေမယ့် ကံတရားဆိုတာ မပြောနိုင်ဘူးလေ။ မေချိုတုန်းကလည်း ကလေးရပြီးမှ ရုပ်ရှင်မင်းသမီးဖြစ်ခဲ့တာ။ အဆိုတော်ကတော့ ၁၂ နှစ်သမီးကတည်းက ဖြစ်ခဲ့တာပေါ့နော်။ ကိုယ်က ဖြစ်စေချင်တိုင်းလည်း မဖြစ်ဘူး။ ပါရမီပါမှ ၊ ပရိသတ်က အားပေးမှ ဖြစ်မှာလေ။ အရမ်းလောဘကြီးလို့တော့ မရဘူးပေါ့” ဆိုပြီးတော့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။
ချိုပြုံးရဲ့ အနုပညာအမွေကို ဆက်ခံယူထားသူကတော့ သရုပ်ဆောင် ဝင်းခန့်မိုး ဖြစ်ပါတယ်။ အခုလည်း မြေးမလေး သန့်သီရိမိုးကို အနုပညာအလုပ်လုပ်ဖို့ တိုက်တွန်းထားပြန်တယ်လို့ ချိုပြုံးက ပြောပါတယ်။ သန့်သီရိမိုးဟာ ဝင်းခန့်မိုးရဲ့ ညီမလေးဖြစ်ပါတယ်။ ချိုပြုံးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၅၀ ခန့်ရှိပါပြီ။ ဝင်းခန့်မိုးကလည်း အနုပညာအလုပ်တွေကို ၂၀၁၈ ခုနှစ်အတွင်းမှာ တစိုက်မတ်မတ် လုပ်ဆောင်လာတာ တွေ့ရပါတယ်။